
ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပမဲ့ ထိုင်းရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ (People's Party) က မဲအများဆုံးရဖို့ ရေပန်းစားနေပေမဲ့ ဖုမ်ကျိုင်ထိုင်း (BJT) ပါတီနဲ့ သက်ဆင်မိသားစုရဲ့ ဖွေထိုင်းပါတီတို့ကပဲ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေများနေတယ်လို့ စစ်တမ်းတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို အခြေခံပြီး ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
Nida Poll ရဲ့ နောက်ဆုံးစစ်တမ်းတွေအရ ပြည်သူ့ပါတီအပေါ် ထောက်ခံမှု အမြင့်ဆုံးဖြစ်နေသလို ခေါင်းဆောင် နာ့ဿ်ဖုန်းရိန်းပန်ညာဝုဟာ ဝန်ကြီးချုပ်လောင်းအဖြစ် လူကြိုက်အများဆုံး ဖြစ်နေဆဲပါ။
ဒါပေမဲ့ လက်ရှိ အိမ်စောင့်ဝန်ကြီးချုပ် အနုထင်း ချန်ဝီရာကူးလ်ရဲ့ ဖုမ်ကျိုင်ထိုင်း (BJT) ပါတီ ကတော့ အမျိုးသားရေးနဲ့ နိုင်ငံရေးအချိန်ခါသင့်မှုတွေကြောင့် လူထုထောက်ခံမှု အမြန်ဆုံး မြင့်တက်လာနေတဲ့ ပါတီ ဖြစ်လာပါတယ်။
ဒီဇင်ဘာ အစောပိုင်းနဲ့ နောက်ဆုံးကောက်တဲ့ စစ်တမ်းကြားမှာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင် ရာခိုင်နှုန်းကတော့ ၃၂ ကနေ ၇ ရာခိုင်နှုန်းကို ကျသွားပါတယ်။
မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင် ၂၅ ရာခိုင်နှုန်း လျော့သွားချိန်မှာ ပြည်သူ့ပါတီဘက်ကို ၅ ရာခိုင်နှုန်းပဲ ရောက်လာပြီး ဖုန်ကျိုင်ထိုင်းပါတီကို ၁၂ ရာခိုင်နှုန်းတောင် ရောက်လာတာ ဖြစ်ပါတယ်။
ဖုမ်ကျိုင်ထိုင်းပါတီဟာ အမတ်နေရာ ၁၄၀ ကနေ ၁၅၀၊ ပြည်သူ့ပါတီကတော့ ၁၂၀ ကျော်၊ ဖွေ့ထိုင်းပါတီကတော့ အမတ်နေရာ ၈၀ ဝန်းကျင်လောက်ရမယ်လို့ Nida Poll ဒါရိုက်တာ ဆူဝီချာပူအာရီက ခန့်မှန်းထားပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဆသီထွဏ်း ထားနားနစ်ထိချတ်ကလည်း ဖုမ်ကျိုင်ထိုင်းပါတီဟာ အရှေ့မြောက်ပိုင်းမှာ အမှန်တကယ် အားကောင်းလာနေပြီးသလို တခြားဒေသတွေမှာလည်း တချိန်က စစ်တပ်နဲ့ ဆက်စပ်တဲ့ ပါတီတွေကို ထောက်ခံကြတဲ့ ရှေးရိုးစွဲ မဲဆန္ဒရှင်တွေဟာ ဖုမ်ကျိုင်ထိုင်းကို အဓိက ရွေးစရာလို့ မှတ်လာကြတယ်လို့ ဆသီထွဏ်းက သုံးသပ်ပါတယ်။
ဖုမ်ကျိုင်ထိုင်းက အမတ်နေရာ ၁၆၀-၁၇၀ ကြားရနိုင်ပြီး ပြည်သူ့ပါတီက ၁၂၀-၁၃၀၊ ဖွေထိုင်းက ၈၀-၉၀ ကြားရမယ်လို့ ဆသီထွဏ်းက ခန့်မှန်းထားပါတယ်။
ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဖုမ်ကျိုင်ထိုင်းနဲ့ ဖွေဖိုင်းညွန့်ပေါင်းဖွဲ့နိုင်ခြေများကြီး ဒီမိုကရက်ပါတီနဲ့ ကလာသမ်ပါတီတို့လို့ ပါတီတွေက ဂျူနီယာမိတ်ဖက်တွေအဖြစ် ပူးပေါင်းနိုင်ခြေရှိတာကြောင့် အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ် နေရာ ၃၀၀ ကို အေးအေးဆေးဆေး ကျော်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
Source: Bangkok Post


