
ထိုင်းနိုင်ငံတဝန်း ခရိုင် ၃၈ ခုမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ ဖုန်မှုန့်နဲ့ လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားသင့်ရင် ပိတ်ထားနိုင်ကြောင်းနဲ့ အွန်လိုင်းကနေ သင်ကြားနိုင်တဲ့အကြောင်း ထိုင်းအခြေခံပညာကော်မရှင်ရုံး (OBEC) က အရေးပေါ်အမိန့်ထုတ်ပြန်ပါတယ်။
OBEC ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ပတ်ထရီယာဝန်ဖန်နွိုင်းကက နိုင်ငံတဝန်း လေထုအရည်အသွေး ပိုမိုဆိုးရွားလာနိုင်တဲ့ အလားအလာတွေကြောင့် PM2.5 လေထု ညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့၊ လျှော့ချနိုင်ဖို့အတွက် တနိုင်ငံလုံးက ပညာရေးဝန်ဆောင် မှုနယ်မြေရုံးတွေနဲ့ ကျောင်းတွေကို အရေးပေါ် ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်တာပါ။
ကျောင်းတွေအနေနဲ့ ထိုင်းလေထုညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနက လုပ်ဆောင်နေတဲ့ Air4Thai အက်ပလီကေးရှင်းကတဆင့် နေ့စဉ် PM2.5 အဆင့်တွေကို အနီးကပ် စောင့်ကြည့်သင့်ကြောင်းလည်း သူက ပြောလိုက်ပါတယ်။
ဒါ့အပြင် ရေရှည်ဆောင်ရွက်ရမယ့် အစီအမံတွေအနေနဲ့ ရေရှည်ညစ်ညမ်းမှုလျှော့ချရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ကြဖို့လည်း တိုက်တွန်းလိုက်သလို အဲဒီထဲမှာ ကျောင်းတက်၊ ကျောင်းဆင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို မြှင့်တင်ဖို့နဲ့ ကိုယ်ပိုင် ယာဉ်တွေအပေါ် မှီခိုမှု လျှော့ချဖို့၊ ကျောင်းဝင်းအတွင်း စိမ်းလန်းတဲ့ နေရာတွေ တိုးချဲ့ဖို့၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာတွေ တိုးပွားလာစေရေး ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးမှုတွေကို သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းဖို့ စတာတွေ ပါဝင်နေတာပါ။
ထိုင်းနိုင်ငံ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (Gistda) က ထုတ်ပြန်ချက်မှာတော့ ကာလာဆင်၊ ခွန်ကရန်၊ ဆင်းဘူရီ၊ ဘူရီယမ်။ နောင်ခိုင်၊ အယုဒ္ဓယ၊ အူဘွန်ရတ်ချာဌာနီ၊ နခွန်စဝမ်၊ ကန်ချနာဘူရီတို့ အပါအဝင် ဒေသ ၃၇ ခုမှာ ကျန်းမာရေး ထိခိုက်နိုင်ခြေရှိတဲ့ လိမ္မော်ရောင်အဆင့် ရှိနေတယ်လို့ ဆိုပါတယ်။
မြို့တော်ဘန်ကောက်နဲ့ တခြားဒေသ ၁၈ ခုမှာတော့ အသင့်အတင့်ရှိတဲ့ အဝါရောင်အဆင့်မှာ ရှိနေပြီး ထိုင်းမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသ ၁၈ ခုမှာတော့ လေထုအရည်အသွေး ကောင်းမွန်တဲ့ အစိမ်းရောင်အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
လေထုအရည်အသွေး အလွန်ကောင်းမွန်တဲ့အဆင့်မှာတော့ ထိုင်းမြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ မယ်ဟောင်ဆောင်နဲ့ ချင်းမိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမဲ့ အခုထုတ်ပြန်ချက်တွေကိုတော့ PM2.5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း) ကို အဓိကထား တိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။
အဲဒီအမှုန်တွေဟာ သေးငယ်လွန်းတာကြောင့် နှာခေါင်းကနေတဆင့် အဆုတ်ထဲအထိ တိုက်ရိုက်ရောက်ရှိနိုင်ပြီး သွေးကြောထဲအထိ စိမ့်ဝင်နိုင်တဲ့အတွက် ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။
ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံမှု အဆင့်အတန်းကတော့ ၁ ကုဗမီတာမှာ ၃၇ ဒသမ ၅ မိုက်ခရိုဂရမ် ဖြစ်ပြီး အခုတွေ့ရှိချက်မှာတော့ ၃၇ ဒသမ ၇ ကနေ ၅၈ ဒသမ ၆ မိုက်ခရိုဂရမ်အထိ တွေ့ရှိရတာဖြစ်ကာ သတ်မှတ်ချက်ထက် ကျော်လွန်နေပြီး ဘေးမကင်းတဲ့ အဆင့်ကို ရောက်ရှိနေပါတယ်။
Source: Bangkok Post/The Nation


