
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆီရားချားမြို့နယ်ထဲမှာ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် မနက်က မြန်မာအလုပ်သမားတွေ တင်လာတဲ့ ဖယ်ရီကားတစီး တိမ်းမှောက်ပြီး ၄၂ ယောက်လုံး ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကနေ့မနက် ၈ နာရီခွဲလောက်က ဆီရားချားမြို့နယ်၊ နောင်ခမ်အုပ်စု၊ အမှတ် ၃၃ လမ်းမကြီး လဲမ်ချဘန်းသွား ကားလမ်းဘေးမှာ ဖယ်ရီဘတ်စ်ကားတစီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရသူ ရှိကြောင်း အကြောင်းကြားတာကြောင့် အရေးပေါ်လူနာတင်ယာဉ်နဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆီရားချားနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ဘတ်စ်ကားကြီးတစီး လမ်းဘေးမှာ ဘေးစောင်းအနေအထားနဲ့ တိမ်းမှောက်နေပြီး ကားခေါင်းတခုလုံး ပျက်စီးနေတယ်၊ ဒဏ်ရာရသူတွေ ကားထဲက ထွက်လာနိုင်ပြီး အပြင်မှာ ထွက်ထိုင်နေကြတယ်၊ ကားထဲမှာတော့ နောက်ထပ် အမျိုးသမီးတယောက် ပိတ်မိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့က ၅ မိနစ်ကြာ ကြိုးစားထုတ်ယူနိုင်ခဲ့ပါတယ်။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရခဲ့ကြတဲ့ ကားပေါ်ပါလာသူတွေကို ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြုစုကာ နီးစပ်ရာဆေးရုံ ပို့ဆောင်ပေးထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ အဆိုပါကားဟာ ပင်ထောင်းစက်မှုဇုန်ကဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၂၆ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် စုစုပေါင်း ၄၂ ယောက် အလုပ်ဆင်းဖို့ စီးနင်းလိုက်လာစဉ် ခုလို မတော်တဆ ထိခိုက်မှုနဲ့ ကြုံရတာလို့ ဆိုပါတယ်။
အသက် ၃၂ နှစ်အရွယ် ယာဉ်မောင်း ထိုင်းအမျိုးသားက သူဟာ အလုပ်သမားတွေကို စက်ရုံပို့ပေးမလို့ သွားကြိုလာခဲ့တယ်၊ လူအများကြီး တင်လာတာကြောင့် အမြန်မမောင်းဘဲ တနာရီ ၃၀ မှ ၄၀ ကီလိုမီတာနှုန်းနဲ့သာ မောင်းလာတယ်၊ ကုန်းဆင်းလမ်းတခုမှာ အရှေ့မှာ ယာဉ်ကြောပိတ်နေတာကို အနားရောက်မှ သိလိုက်ရတယ်၊ ဘရိတ်အုပ်ရခက်ခဲပြီး ရှေ့ကားကို မတိုက်မိအောင် ရှောင်တိမ်းဖို့ ကြိုးစားစဉ် လမ်းဘေးကို တိမ်းစောင်းမှောက်သွားတာလို့ ဆိုပါတယ်။
ဒီမတော်တဆထိခိုက်မှုအတွက် အားလုံးကို တောင်းပန်ကြောင်းလည်း ယာဉ်မောင်းသမားက ပြောသွားပါတယ်။
Source: Khaosod News / FM91 Trafficpro


