Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားနေထိုင်ရန် တိုက်တွန်း
DVB
·
January 15, 2026

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းတွေနဲ့ ထိုင်းလူမျိုးတွေအကြား ပဋိပက္ခဖြစ်တဲ့ ကိစ္စတွေ ရှိနေတဲ့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ထိုင်းနိုင်ငံ စမွတ်ပရာကန်မြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံသားတချို့ ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခဲ့တဲ့ မြန်မာလုပ်သားတွေက ရဲစခန်းမှာ အဖမ်းခံပြီး တောင်းပန်ခဲ့သလို ထိုင်းနိုင်ငံသားဘက်ကလည်း အမှုကို ကျေအေးပေးခဲ့ပါတယ်။

အဲဒီလို အမှုကျေအေးသွားပြီ ဆိုပေမဲ့ ဒီလိုကိစ္စတွေကြောင့် ထိုင်းလူမျိုးတွေက မြန်မာတွေအပေါ် အမုန်းတရားတွေ ဖြစ်လာမှာကို ထိုင်းရောက် မြန်မာတွေက စိုးရိမ်နေပါတယ်။

ဇန်နဝါရီ ၁၃ ရက် ညကလည်း ချွန်းပူးရီးမှာ မြန်မာလုပ်သား ၁၀၀ ကျော် အုပ်စုဖွဲ့ ရန်ဖြစ်ပြီး ဓားနဲ့ခုတ်ခံရတာကြောင့် မြန်မာလုပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုရန်ဖြစ်ကြတဲ့ ကိစ္စတွေဟာ မြန်မာလုပ်သားတွေအနေနဲ့ အိမ်ရှင်နိုင်ငံသားတွေအပေါ် ရိုင်းပြသလို ဖြစ်တဲ့အတွက် တယောက်အပေါ်တယောက် ဒေါသစိတ်တွေနဲ့ မတုံ့ပြန်သင့်ဘူးလို့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းမျိုးချစ်တွေက မြန်မာလုပ်သားတွေနဲ့ ကမ္ဘောဒီးယား လုပ်သားတွေကို စောင့်ကြည့်နေတဲ့ အချိန်မှာ မြန်မာလုပ်သားတွေအနေနဲ့ သတိထားပြီး ပါးပါးနပ်နပ် နေထိုင်ကြဖို့ လိုတယ်လို့ Labour Rights Foundation LRF တာဝန်ရှိသူက ပြောပါတယ်။

“ဆိုးကျိုးတွေပေါ့ဗျာ၊ မြန်မာအလုပ်သမားတွေအပေါ်မှာ ထိုင်းနိုင်ငံသားတွေက နဂိုကလည်း ကြည်တာမဟုတ်ဘူး၊ အနေမတတ် အထိုင်မတတ်ဖြစ်တော့ ပိုပြီးတော့ အမုန်းပွားစေတာပေါ့။ ကျန်တဲ့ အလုပ်သမားတွေအတွက်လည်း ဆိုးကျိုးတွေဖြစ်စေတယ်။ ဒါကြောင့် ကျနော်တို့ သွားလာနေထိုင်ကြတဲ့အခါ တော်တော့ကို သတိထားနေရတာပေါ့နော်။ ထိုင်းမှာ အခု မျိုးချစ်တွေကလည်း မြန်မာအလုပ်သမားတွေ ကမ်ပူးချား အလုပ်သမားတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့အချိန်မှာ ကျနော်တို့ကလည်း တော်တော့ကို လိမ်လိမ်မာမာနဲ့ နေတတ်ဖို့ လိုအပ်တာပေါ့။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း ထိုင်းနိုင်ငံ နွန်ထဘူရီမှာ ထိုင်းအမျိုးသမီးရဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိတဲ့ မြန်မာလူငယ်ကို ထိုင်းပါဆယ်ပို့သမားတွေက ဝိုင်းရိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာတွေရရှိတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းမှာ မြန်မာတွေနဲ့ ထိုင်းတွေအကြား ဖြစ်ပွားတဲ့ ပြသနာတွေ များနေတဲ့အတွက် စစ်ဆေးမှုတွေ များနေပြီး ထိုင်းသူဌေးနာမည်ခံပြီး မြန်မာနိုင်ငံသားတွေဖွင့်တဲ့ ဈေးဆိုင်တွေလည်း ပိတ်ပင်ရတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလဆန်းပိုင်းမှာ ဒီလိုအခြေအနေတွေ ဆက်တိုက်ဖြစ်နေတာဟာ ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ တော်လှန်ရေးကို ထောက်ခံသူတွေ၊ ထောက်ပို့ပြည်သူတွေနဲ့ CDM တွေကို အနေခက်အောင်၊ ထိုင်းကနေ မောင်းထုတ်ခံရအောင် စစ်ကောင်စီတပ်ဘက်ကသူတွေ ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ အခြေအနေတွေကို တွေ့နေရတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေကို အကူအညီပေးနေတဲ့ MHAC အဖွဲ့က ကိုရဲမင်းက သုံးသပ်ပါတယ်။

“ဒီလိုမျိုးဖြစ်စဉ်တွေက အခု ဆက်တိုက်ဖြစ်နေတဲ့ အနေအထား စပြီးတော့ မီးပွားတွေဖြစ်လာတဲ့ အနေအထားတွေက သိပ်ရိုးရှင်းမနေဘူးပေါ့နော်။ ထိုင်းနိုင်ငံထဲမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ တော်လှန်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ၊ လာရောက်ခိုလှုံတဲ့ CDM တွေ၊ တော်လှန်ရေးထောက်ပို့တွေ စသဖြင့် အနေခက် အနေကျပ်အောင် တဖက်က ဆိုက်ဝါးထည့်ပြီးတော့ ဒီလိုမျိုးလုပ်ဆောင်မှုတွေကို သူတို့လူတွေထည့်ပြီးတော့ ခိုင်းတဲ့ ပုံစံမျိုးတွေကို ထင်ထင်ရှားရှား တွေ့လာရတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘူး၊ နိုင်ငံရေးနဲ့ သက်ဆိုင်ပြီးတော့ မင်းအောင်လှိုင်တို့ အုပ်စုက ရည်ရွယ်ချက်ရှိရှိ လုပ်လာတဲ့ အနေအထားမျိုး တွေ့ရတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထိုင်းနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ မလုပ်ဘဲ တရားဥပဒေနဲ့အညီ အိမ်ရှင်လူမှုအသိုက်အဝန်းရဲ့ တန်ဖိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်အောင် လိုက်လျောညီထွေနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၇ သန်းကျော် ရှိတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013