Home
မြန်မာသတင်း
ပတ္တယားဈေးတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ
DVB
·
January 15, 2026
Photo: Khaosod English

ထိုင်းနိုင်ငံ၊ ထင်ရှားတဲ့ ကမ်းခြေမြို့တမြို့ဖြစ်တဲ့ ပတ္တယားမြို့က ဈေးတခုထဲမှာ မြန်မာ ၂ ယောက် အပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ Khaosod  သတင်းမှာ ဇန်နဝါရီ ၁၄ ရက်က ဖော်ပြပါတယ်။

ဒါဟာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို လုယူကာ တရားမဝင် အလုပ်လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ နိုင်ငံခြားသားတွေကို နှိမ်နင်းမှု စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကိုတော့ ချွန်ပူလီခရိုင် ရဲတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး ဖွန်ဖန် ဝေါင်မန်နီထက်ရဲ့ ညွှန်ကြားချက်နဲ့ ဇန်နဝါရီ ၁၃ ရက်မှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ညွှန်ကြားချက်အရ ပတ္တယားမြို့မရဲစခန်းက စခန်းမှူး ရဲမှူးကြီး အန်နက်ခ် ဆရာထောင်ယု အပါအဝင် ရဲအရာရှိတွေကို ထက်ဖရာဆစ်လမ်းပေါ်က ရတ်တနာခွန် ထက်ဖရာဆစ် ဈေးကို သွားရောက်စစ်ဆေးရာမှာ ဈေးအတွင်း ဝက်သားအရောင်းဆိုင်တွေကို စစ်ဆေးစဉ်အတွင်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၆ ယောက်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြတာပါ။

အဲဒီထဲမှာ အသက် ၁၈ နှစ်ကနေ ၄၁ နှစ်ကြား လာအိုနိုင်ငံသား ၄ ယောက်နဲ့ အသက် ၂၀ နဲ့ ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ယောက်တို့ ပါဝင်နေပြီး လက်ရှိမှာတော့ သူတို့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ဖို့အတွက် ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့က သူတို့ကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှု၊ ခိုင်လုံတဲ့ အလုပ်သမားလက်မှတ် တစုံတရာမရှိဘဲ အလုပ်လုပ်ကိုင်မှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါလုပ်သားတွေကို ငှားရမ်းထားတဲ့ ဆိုင်ရှင်တွေကိုလည်း ဖော်ထုတ်ပြီး ထိုင်းနိုင်ငံဥပဒေနဲ့အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာတော့ ရွှေ့ပြောင်းနိုင်ငံခြားသား အလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အကိုင် ၂၇ မျိုးရှိသလို အဲဒီထဲမှာ သစ်သားပန်းပုလုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ လေလံတင် အရောင်းအဝယ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆေးလိပ် လိပ်ခြင်းလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဈေး/လှည့်လည်ရောင်းခြင်းလုပ်ငန်း၊ ထိုင်းအက္ခရာစီခြင်းလုပ်ငန်း၊ ပိုးချည်လုပ်ငန်း၊ အတွင်းရေမှူးလုပ်ငန်း၊ ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း စတာတွေ ပါဝင်နေတာပါ။

အဆိုပါ ကန့်သတ်ထားတဲ့ အလုပ်တွေကို လုပ်ကိုင်တာ တွေ့ရှိပြီး ဖမ်းဆီးခံရမယ်ဆိုရင်တော့ ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ဘတ် ၅၀,၀၀၀ အထိ ချမှတ်ခံရမှာဖြစ်သလို ထိုင်းနိုင်ငံအတွင်း ၂ နှစ် အလုပ်လုပ်ကိုင်ခွင့် ပိတ်သိမ်းပြီး နေရပ်ပြန်လည်ပို့ဆောင်ခံရနိုင်မှာ ဖြစ်ပါတယ်။

ခုလတ်တလောအခြေအနေမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲပဋိပက္ခတွေ၊ ရမ်းကားမှုတွေကြောင့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာတွေကို ဖိအားပေး တင်းကျပ်စိစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနိုင်တာမို့ သတိထားနေထိုင်ကြဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော် ထားကြတာတွေလည်း ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မပါဝင်ဖို့နဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ ဇန်နဝါရီ ၁၄ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ယဉ်ကျေးမှုနဲ့ ဒေသန္တရ စည်းကမ်းတွေကို လေးစားလိုက်နာကာ အိမ်ရှင် လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်စွာ နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Ref: Khaosod English

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013