
စစ်ကောင်စီက ပြည်ပသွား အလုပ်လုပ်မဲ့သူတွေကို ထွက်ခွင့်ပေးတဲ့မူဝါဒ ပြောင်းလဲလိုက်ပြီးနောက်မှာ ထွက်ခွာခွင့်ရရှိတဲ့ အလုပ်သမား ၁၅၀ ကျော်ရဲ့ နာမည်စာရင်းကို ဇန်နဝါရီ ၁၄ ရက်မှာ ပထမဆုံး ထုတ်ပြန်ပါတယ်။
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ရရှိထားပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် ကျွမ်းကျင်လုပ်သားအဖြစ် သွားရောက်မဲ့သူတွေနဲ့ ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြည်ပထွက်ခွာခွင့်ပြုဖို့ တင်ပြလာတဲ့အပေါ် ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းမှာ ကနဦး ထုတ်ပြန်တဲ့ ပြည်ပထွက်ခွာခွင့်ရရှိသူ အလုပ်သမား ၁၆၆ ယောက်ရှိတာ တွေ့ရပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ စာရင်းမှာပါတဲ့ အလုပ်သမားတွေက ဇန်နဝါရီ ၁၈ ရက် မတိုင်ခင် ထွက်ခွာဖို့အတွက် ဇန်နဝါရီ ၁၄ ရက် မွန်းတည့် ၁၂ နာရီအထိ ပြည်ပထွက်ခွာခွင့် တင်ထားသူတွေဖြစ်ပြီး ဦးစားပေးခွင့်ပြုခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်းတည့် ၁၂ နာရီနောက်ပိုင်း ထပ်ပြီး ထွက်ခွာခွင့်လျှောက်တဲ့ ဝင်စာတွေကိုလည်း ဝန်ကြီးဌာနဆီ တင်ပြထားကာ ခွင့်ပြုချက်ရရှိရင် အချိန်နဲ့တပြေးညီ ကြေညာပေးသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
အဲဒီအလုပ်သမားတွေအနေနဲ့ သတ်မှတ်ရက်မှာ မဖြစ်မနေ ထွက်ခွာရမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာရက်ပြောင်းလဲရင် ပြည်ပထွက်ခွာခွင့်ကို သတ်မှတ်ပုံစံအတိုင်း ပြန်လည်တင်ပြရမယ်လို့ ဆိုပါတယ်။
ခွင့်ပြုတဲ့အထဲမှာပါတဲ့ အလုပ်သမားတွေအနေနဲ့ ပြည်ပထွက်ခွာတဲ့အခါ ကိုယ့်ရဲ့နာမည်ပါတဲ့ စာရွက်ကို လေဆိပ်မှာပြဖို့ လိုမယ်လို့လည်း အသိပေးထားပါတယ်။
အခု ပြည်ပထွက်ခွာခွင့်ရရှိသူတွေမှာ ပြည်ပထွက်ခွင့်ပုံစံ ပြောင်းလဲကျင့်သုံးလိုက်လို့ ဇန်နဝါရီ ၁၂ နဲ့ ၁၃ ရက်တို့မှာ အခက်တွေ့ခဲ့ကြတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။
ပြည်ပထွက်ခွာခွင့်ရဖို့ တင်ပြထားတဲ့ ခွင့်ပြန်အလုပ်သမားတယောက်က “အမှန်က ၁၂ ရက်နေ့ကတည်းက ပြန်ထွက်မလို့။ ခွင့်ရက်ကလည်း ပြည့်နေပြီ။ အဲဒီနေ့က ထွက်မရလို့ ပြန်လျှောက်ရတယ်။ အလုပ်ကိုလည်း ဒီမှာဖြစ်နေတဲ့ အခြေအနေပြောပြပြီး တောင်းပန်ထားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက OWIC ကတ် ရရှိထားတဲ့ အလုပ်သမားတွေကို ပြည်ပထွက်ခွင့်အတွက် အီးမေးလ်ကနေ တင်ပြလျှောက်ထားတဲ့ အထောက်အထားပြရုံနဲ့ ထွက်ခွင့်ပေးရာကနေ ဌာနက ခွင့်ပြုတဲ့ စာရင်းထဲပါမှ ထွက်ခွင့်ပေးတော့မယ်ဆိုပြီး ပုံစံပြောင်းလဲလိုက်တာပါ။
ဒါ့အပြင် ပြည်ပထွက်ခွာခွင့်တင်တာကို အီးမေးလ်ကနေ လက်မခံတော့သလို ရုံးပိတ်ရက်မပါဘဲ ထွက်ခွာဖို့ ၅ ရက်အလိုမှာ တင်ပြလျှောက်ထားရမယ်လို့လည်း အသိပေးထားပါတယ်။
ခွင့်ပြန်အလုပ်သမားတွေက ပြည်ပထွက်ခွင့်မတင်ဘဲ ထွက်ခွာတာတွေရှိလို့ အခုလိုလုပ်ရတာလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဖြေရှင်းထားပါတယ်။
လက်ရှိမှာ ဇန်နဝါရီ ၁၈ ရက်မတိုင်ခင် ထွက်ခွာမဲ့ ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တင်ပြထားသူတွေကို ခွင့်ပြုပေးနေတာဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်း ထွက်ခွာမဲ့သူတွေကို ဇန်နဝါရီ ၁၄ ရက်မှာ တင်ပြခွင့် ပြုသွားမယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။


