
အစ္စရေးထောက်ခံပြီး ဟားမတ်စ်ကို ဆန့်ကျင်တဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တဖွဲ့ဟာ ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ဟားမတ်စ် အကြီးတန်းရဲအရာရှိတယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်မှာ ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်အတွက် ဟားမတ်စ်က အစ္စရေးနဲ့ ပူးပေါင်းသူတွေအပေါ် အပြစ်တင်ထားပါတယ်။
ဂါဇာဒေသတောင်ပိုင်း ခန်ယိုးနစ်မြို့မှာ ဖြတ်သန်းမောင်းနှင်သွားတဲ့ ကားပေါ်က သေနတ်သမားတွေဟာ ရာဇဝတ်ရဲတပ်ဖွဲ့ အကြီးအကဲ မာမွတ် အယ်လ်-အက်စ်တာလ်ကို ပစ်ခတ်ခဲ့ပြီး သေဆုံးသွားကြောင်း ဟားမတ်စ် ဦးစီးတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး တိုက်ခိုက်သူတွေကို “သိမ်းပိုက်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေ” အဖြစ် ဖော်ပြထားပါတယ်။
ခန်ယိုးနစ် အရှေ့ဘက်ရှိ အစ္စရေးထိန်းချုပ်မှုအောက်ရှိ ဧရိယာတခုမှာ အခြေစိုက်တဲ့ ဟားမတ်စ် ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင် ဟူဆမ် အယ်လ်-အက်စ်တာလ်က ဒီသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုတခုမှာ ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်နဲ့ အလုပ်လုပ်သူတွေအတွက် ကံကြမ္မာဟာ အသတ်ခံရဖို့ဖြစ်ပြီး သေခြင်းတရားက သူတို့ဆီ ရောက်ရှိလာတော့မယ်လို့ အနက်ရောင်စစ်ဝတ်စုံ ဝတ်ဆင်ထားပြီး ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ထားသူက ပြောကြားခဲ့ပါတယ်။
ရိုက်တာသတင်းဌာနဟာ ဒီတိုက်ခိုက်မှုရဲ့ အခြေအနေတွေကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။
အစ္စရေးစစ်ဘက်အရာရှိတယောက်က စစ်တပ်ဟာ အဲဒီဒေသမှာ ဘာစစ်ဆင်ရေးကိုမှ မသိရှိရသေးကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလကစပြီး အပစ်အခတ်ရပ်စဲရေးအရ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ထက်ဝက်နီးပါးမှ ဆုတ်ခွာသွားပေမဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျန်ဒေသတဝက်ကလည်း အဆောက်အအုံ အားလုံးနီးပါး ဖြိုဖျက်ခံထားရတဲ့ စွန့်ပစ်မြေ ဖြစ်ပါတယ်။
အစ္စရေးဟာ ဟားမတ်စ်ရဲ့ ပြိုင်ဘက်တွေကို သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လှုပ်ရှားခွင့်ပြုထားပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း ဇွန်လမှာ ဟားမတ်စ် ဆန့်ကျင်ရေး အုပ်စုတွေအပေါ် အစ္စရေးရဲ့ ထောက်ခံမှုကို အသိအမှတ်ပြုထားပါတယ်။
Source: Reuters


