
ဂါဇာအလယ်ပိုင်းမှာ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ ၅ ထပ်တိုက် အဆောက်အအုံ ပြိုကျခဲ့လို့ ဇန်နဝါရီ ၅ ရက်မှာ ပါလက်စတိုင်း ၂ ယောက် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၄ ယောက်ရှိကြောင်း ဂါဇာကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
စစ်ပွဲအတွင်းမှာ အဆောက်အအုံ ပျက်စီးမှုရှိခဲ့ပေမဲ့ နေထိုင်လို့ရမဲ့ တခြားနေရာမရှိတာကြောင့် လူတွေဟာ ဒီအဆောက်အအုံမှာ ပြန်လည်နေထိုင်ကြရတာလို့ သေဆုံးသူတွေရဲ့ ဆွေမျိုး ကာရမ် အလ်ရှန်နာက ပြောပါတယ်။
အယ်လ်မာဂါဇီ ဒုက္ခသည်စခန်းကို မြေပြင်ကျူးကျော်စစ် ဝင်ရောက်ချိန်မှာ နေအိမ်တွေ ဗုံးကြဲခံခဲ့ရပြီး အန္တရာယ်ရှိနေပေမဲ့ ရွှေ့ပြောင်းစရာနေရာမရှိ၊ နေထိုင်ဖို့ သင့်တော်မဲ့ယာယီတဲတွေ၊ လှည်းအိမ်တွေလည်း မရှိတာကြောင့် ကျွမ်းကျင်သူတချို့နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပြီး ဒီမှာ ပြန်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့တာပါလို့ ကာရမ် အလ်-ရှန်နာ က ပြောပါတယ်။
“ရာသီဥတုအခြေအနေနဲ့ အအေးဒဏ်ကြောင့် အိမ်တွေရဲ့ဖွဲ့စည်းပုံက မလုံခြုံပါဘူး။ ဂါဇာကမ်းမြောင်ဒေသက လုံခြုံတဲ့အိမ်တွေအတွက်တောင် စိုးရိမ်မှုတွေရှိနေပါတယ်။ ဂါဇာကမ်းမြောင်မှာ နေအိမ်တွေအားလုံးဟာ စစ်ပွဲအတွင်း ပြင်းပြင်းထန်ထန် လှုပ်ယမ်း တုန်ခါခံခဲ့ရတာကြောင့် ခိုင်ခိုင်ခံ့ခံ့အိမ် တလုံးမှ မရှိတော့ပါဘူး။ အင်ဂျင်နီယာရှုထောင့်က ကြည့်ရင် ဂါဇာဟာ နေလို့ထိုင်လို့ကောင်းတဲ့ နေရာတခုမဟုတ်ပါဘူး။”
ကုလသမဂ္ဂဂြိုဟ်တုစင်တာရဲ့ အဆိုအရ စစ်ပွဲအတွင်း ဂါဇာရဲ့ အဆောက်အအုံ ၈၁ ရာခိုင်နှုန်းဟာ ထိခိုက်မှုတွေ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ဦးဆောင်တဲ့ တောင်ပိုင်း အစ္စရေးအပေါ် တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လက်တုံ့ပြန်စစ်ပွဲဆင်နွှဲခဲ့တာမှာ ပါလက်စတိုင်းမှာ လူပေါင်း ၇၁,၀၀၀ ကျော် သေဆုံးထားကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Source:Reuters


