
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ကနေ လုံးဝ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီနယ်မြေမှာ အရပ်ဘက်-စစ်ဘက်တပ်ဖွဲ့ တဖွဲ့ကို တည်ထောင်မယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး ကတ်ဇ်ဟာ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းက ဘေ့ထ်-အလ် ရပ်ရွာမှာ ပိတ်ထားတဲ့ အစ္စရေးစစ်စခန်းအစား နာဟားလ် ယူနစ်တွေလို့ လူသိများတဲ့ အိမ်ရာယူနစ် ၁,၂၀၀ တည်ထောင်မယ်လို့ ကြေညာတဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကတ်ဇ်က “ကျွန်ုပ်တို့ဟာ မြေလှန်ရှင်းလင်းထားတဲ့ ကျေးရွာရပ်ရွာတွေအစား အရပ်ဘက်-စစ်ဘက် စစ်တပ်ယူနစ်တခုကို တည်ဆောက်မှာ ဖြစ်ပြီးတော့ သင့်တော်တဲ့နည်းလမ်းနဲ့ သင့်တော်တဲ့အချိန်မှာ လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။
နာဟားလ်ယူနစ်တွေဟာ စစ်မှုထမ်းဖို့ စိတ်ဝင်စားတဲ့ အရပ်သားတွေအတွက်ဖြစ်ပြီး တနှစ်ကြာ စစ်ရေးအကြိုပြင်ဆင်မှုနဲ့ စေတနာ့ဝန်ထမ်းအစီအစဉ်တွေ ပါဝင်ပါတယ်။
ဒီတပ်ရင်းယူနစ်တွေဟာ အစ္စရေးအသိုက်အဝန်းတွေကို ဖန်တီးရာမှာ သမိုင်းဝင်အခန်းကဏ္ဍမှ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အစ္စရေးဟာ ၂၀၀၅ ခုနှစ်မှာ ဂါဇာမှ အခြေချနေထိုင်မှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ မဟာမိတ်အဖွဲ့မှ အစွန်းရောက် အမျိုးသားရေးဝါဒီ အဖွဲ့ဝင်တချို့က ဂါဇာကို ပြန်သိမ်းပိုက်ဖို့ ကြိုးပမ်းနေကြပေမဲ့လည်း နေတန်ယာဟုကတော့ ၂ နှစ်ကြာ စစ်ပွဲတလျှောက်လုံး ဂါဇာမှာ အခြေချ နေထိုင်တဲ့ ရပ်ရွာတွေ ပြန်လည်တည်ဆောက်မဲ့ ဖြစ်နိုင်ခြေကို အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။
အစ္စရေးဟာ ၂၀၂၆ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ဦးတည်နေပြီး အခြေချနေထိုင်မှုပြဿနာဟာ အဓိကပြဿနာတခု ဖြစ်လာဖွယ်ရှိပါတယ်။
Source: Reuters


