
ဒေါ်နယ်ထရမ့်ပ်ရဲ့ အပစ်ရပ်အစီအစဉ်အရ ဂါဇာကမ်းမြောင်ဒေသကို ပိုင်းခြားထားတဲ့ Yellow Line ဟာ အစ္စရေးနိုင်ငံရဲ့ နယ်စပ်စည်းအသစ် ဖြစ်လာပြီလို့ အစ္စရေးစစ်ဦးစီးချုပ်က ပြောဆိုလိုက်ပါတယ်။
အစ္စရေးဟာ လက်ရှိတပ်စွဲထားတဲ့ နေရာတွေကို ဆက်လက်ခြေကုပ်ယူသွားမယ်လို့ စစ်ဦးစီးချုပ် အီယဲလ် ဇာမီးယားက မြောက်ပိုင်းဂါဇာက စစ်သည်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
ဆိုလိုတာက စိုက်ပျိုးမြေအများစုနဲ့ အီဂျစ်ဘက်ကို အဝင်အထွက်လုပ်တဲ့ နယ်စပ် အပါအဝင် ဂါဇာနယ်မြေ ထက်ဝက်ကျော်ကို အစ္စရေးက ဆက်ထိန်းချုပ်ထားမဲ့သဘော ဖြစ်ပါတယ်။
“ဒီမျဉ်းဝါဟာ နယ်စပ်စည်းအသစ်ဖြစ်ပြီး ရှေ့တန်းကာကွယ်ရေးမျဉ်းနဲ့ စစ်ဆင်ရေးလှုပ်ရှားမှု လမ်းကြောင်းအဖြစ် အသုံးပြုသွားမှာပါ” လို့ ဇာမီးယားက ဆိုပါတယ်။
ဒီပြောဆိုချက်ဟာ အစ္စရေးက ဂါဇာကို သိမ်းပိုက်မှာမဟုတ်ဘူးလို့ အောက်တိုဘာလတုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူဦးရေ ၂ သန်းကျော်ဟာ ဝါရှင်တန်ဒီစီမြို့ထက် သေးငယ်တဲ့ ကမ်းရိုးတန်း သဲသောင်ပြင် ကျဉ်းကျဉ်းလေးမှာ ပြွတ်သိပ် နေထိုင်နေရတာပါ။
အပစ်အခတ်ရပ်စဲထားပေမဲ့ အစ္စရေးတပ်တွေက ဒီမျဉ်းတလျှောက်မှာ ကွန်ကရစ် ကင်းစခန်းတွေ တည်ဆောက်ထားပြီး ဒီမျဉ်းကိုဖြတ်ကျော်သူ ဘယ်သူ့ကိုမဆို ပစ်ခတ်မယ်လို့ ကြေညာထားပါတယ်။
အမေရိကန်ကလည်း အဝါရောင်မျဉ်းရဲ့ တဖက်ခြမ်း “အစိမ်းရောင်ဇုန်” ကို အစ္စရေးနဲ့ နိုင်ငံတကာ စစ်ဘက်ထိန်းချုပ်မှုအောက်မှာ ထားပြီးတော့ ပြန်လည်တည်ဆောက်ဖို့နဲ့ အခြားတဖက်ခြမ်း “အနီရောင်ဇုန်” ကို ဒီအတိုင်းပစ်ထားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Source:Reuters


