
ပါလက်စတိုင်းအာဏာပိုင်တွေဟာ ဒီဇင်ဘာ ၇ ရက်မှာ ဂါဇာမြို့ရဲ့ အယ်လ်-အာလီအာရပ် နှစ်ခြင်းဆေးရုံမှာ မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၄၅ လောင်း နီးပါးကို တခြား ပုံမှန်သင်္ချိုင်းဆီရွှေ့ဖို့ တူးဖော်ခဲ့တယ်လို့ ဌာနပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘာဆယ်က ပြောပါတယ်။
အစ္စရေးနဲ့ စစ်ပွဲကာလအတွင်း ဆေးရုံတွေနဲ့ တခြားနေရာတွေ တဝိုက်က ကျပန်းနေရာတွေမှာ မြှုပ်နှံထားတဲ့ အလောင်းတွေကို တူးဖို့ ပိုကြီးတဲ့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဘာဆယ်က ထပ်ပြောပါတယ်။
တွေ့ထားတဲ့ အလောင်းတွေကို ဂါဇာမြို့ထဲက တရားဝင်သင်္ချိုင်းဆီ ရွှေ့မှာဖြစ်ပြီး တခြား ဘယ်သူဘယ်ဝါ မသိရသေးတဲ့ အလောင်းတွေကိုတော့ ဒီယာအယ်လ်-ဘာလာမှာရှိတဲ့ သီးခြားသင်္ချိုင်းဆီ ရွှေ့မယ်လို့ အရာရှိက ထပ်ပြောပါတယ်။
ဖော်ထုတ်တွေ့ရှိသူတွေထဲမှာ စစ်ပွဲအတွင်း သတ်ဖြတ်ခံခဲ့ရပြီး အယ်လ်-အာလီအာရပ်ဆေးရုံမှာ တနှစ်တိတိ မြှုပ်နှံထားတဲ့ ဘာရာအဘူရှမ်မာလာရဲ့ ရုပ်အလောင်းလည်း ပါပါတယ်။ သူ့အမေကတော့ သူ့အလောင်းကို ပြန်တူးဖော်ပြီး တခြားသင်္ချိုင်းကို ရွှေ့ပြောင်းလိုက်တာက သူအသတ်ခံရတဲ့ ဝေဒနာကို ပြန်လည်ခံစားရစေတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးကတည်းက အကြမ်းဖက်မှုတွေ ရပ်တန့်သွားပေမဲ့ အစ္စရေးက ဂါဇာကို ဆက်လက်တိုက်ခိုက်ပြီး ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။
အမေရိကန်ထောက်ခံတဲ့ သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် ဟားမတ်စ်နဲ့ အစ္စရေးတို့က အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးကတည်းက ပါလက်စတိုင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးစစ်သား ၃ ယောက်ကို ဒီအချိန်အတွင်းမှာ သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters


