
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် တခုတည်းသော အဖြေဟာ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးသာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားလိုက်ပါတယ်။
“ဒီအချိန်မှာ အစ္စရေးက ဒီဖြေရှင်းနည်းကို လက်မခံဘူးလို့ အားလုံးသိထားပြီးသားပါ။ ဒါပေမဲ့ အဲဒါကပဲ တခုတည်းသော ဖြေရှင်းနည်းလို့ ကိုယ်တော်တို့ ရှုမြင်ပါတယ်” လို့ ရဟန်းမင်းက နိုဝင်ဘာ ၃၀ ရက်က မှတ်ချက်ပေးခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင် နေတန်ယာဟု ကတော့ အမေရိကန်က ထောက်ခံရင်တောင် ပါလက်စတိုင်း လွတ်လပ်ရေးကို ဆန့်ကျင်မယ်လို့ ထပ်ပြောထားပါတယ်။
ပထမဆုံး အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်း လီယိုက တူရကီကနေ လက်ဘနွန်ကို အသွား လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ကိုယ်တော်တို့က အစ္စရေးနဲ့လည်း မိတ်ဆွေတွေပါ။ နှစ်ဖက်ကြားမှာ ဝင်ညှိနှိုင်းပေးတဲ့ အသံတခု ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်” လို့ ရဟန်းမင်းက အီတလီစကားနဲ့ မိန့်ကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းဟာ တူရကီသမ္မတ တာယစ်အာဒိုဂန်နဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၊ ယူကရိန်း-ရုရှား ပဋိပက္ခတွေ ဆွေးနွေးခဲ့ပြီး တူရကီဟာ ဒီစစ်ပွဲနှစ်ခုစလုံး အဆုံးသတ်ရေး အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ဆိုပါတယ်။
မွတ်စလင်အများစုနေထိုင်တဲ့ တူရကီနိုင်ငံဟာ ဘာသာရေး အတူယှဉ်တွဲနေထိုင်မှုအတွက် စံပြဖြစ်တယ်လို့လည်း ရဟန်းမင်းက ချီးကျူးခဲ့ပါတယ်။
ကမ္ဘာကြီးမှာ ပုံမှန်မဟုတ်တဲ့ သွေးထွက်သံယို ပဋိပက္ခတွေ အထူးများပြားနေတာကြောင့် လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် စိုးရိမ်ရတယ်လို့ ရဟန်းမင်းက သတိပေးခဲ့သလို ဘာသာရေး အမည်ခံပြီး အကြမ်းဖက်တာတွေကိုလည်း ရှုတ်ချခဲ့ပါတယ်။
Source: Reuters


