
ကမ္ဘာ့အကြီးမားဆုံး Eurovision သီချင်းဆိုပြိုင်ပွဲမှာ အစ္စရေးကို ပါဝင်ခွင့်ပေးလိုက်တာကြောင့် စပိန်၊ နယ်သာလန်၊ ဆလိုဗေးနီးယားနဲ့ အိုင်ယာလန် တို့က သပိတ်မှောက်မယ်ဆိုပြီး အတည်ပြုသွားပါတယ်။
အစ္စရေးရဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာလည်း မမျှတဘူးဆိုတဲ့ စွပ်စွဲချက်တွေအရ အခုလိုမျိုး နုတ်ထွက်ဖို့အတွက် ကြေညာခဲ့ကြတာပါ။
ဂါဇာစစ်ပွဲကြောင့် အစ္စရေးကို ပြိုင်ပွဲကနေ ဖယ်ထုတ်ပေးဖို့ သပိတ်မှောက် ၄ နိုင်ငံနဲ့ တခြားပြိုင်ပွဲဝင် အများအပြားပါ တောင်းဆိုထားပါတယ်။
အဲဒီနောက် အိုင်ယာလန်နိုင်ငံရဲ့ အစိုးရပိုင်ရုပ်သံလိုင်း RTÉ က “ဂါဇာမှာ ကြောက်မက်ဖွယ် အသက်ဆုံးရှုံးမှုတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။ အရပ်သား ပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုပါ ဆက်ပြီး ရှိနေစေတဲ့အတွက် ယှဉ်ပြိုင်ခွင့်ပေးတာဟာ လုံးဝ မသင့်လျော်ပါဘူး (Unconscionable)” ဆိုပြီး ထုတ်ပြန်ထားပါတယ်။
နှစ်စဉ် လူပေါင်း သန်း ၁၅၀ ကျော် ကြည့်ရှုလေ့ရှိတဲ့ Eurovision မှာ ကြီး ၅ ကြီး (Big Five) ပါဝင်ပြီး ဒါဟာ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဗြိတိန် တို့ပဲ ဖြစ်ပါတယ်။
Eurovision ရဲ့ ဒါရိုက်တာဖြစ်သူ မာတင်ဂရင်း ကတော့ “သီချင်းဆိုပြိုင်ပွဲကို နိုင်ငံရေးဇာတ်ခုံအဖြစ် အသုံးမချသင့်သလို ဘက်မလိုက်တဲ့ ကြားနေမှုကိုလည်း ဆက်လက် ထိန်းသိမ်းထားရမှာ” ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
အခုလိုမျိုး အစ္စရေးနိုင်ငံအနေနဲ့ ပါဝင်ခွင့်ရလာမဲ့ ဆုံးဖြတ်ချက်ကို သမ္မတ အိုင်းဆက် ဟာဇော့ဂ်က ချီးကျူးခဲ့တဲ့အပြင် “ကမ္ဘာ့စင်မြင့်တိုင်းမှာ ကိုယ်စားပြုခွင့်ရဖို့ ထိုက်တန်ပါတယ်” လို့ပါ မှတ်ချက်ပေးပါတယ်။
တကယ်လို့ အစ္စရေးသာ ဖယ်ရှားခံရရင် သူတို့လည်း နုတ်ထွက်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့ ဂျာမနီကတော့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
ဒါဟာ ဥရောပရုပ်သံလွှင့်သမဂ္ဂ (EBU) ကနေ စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ ဂီတပွဲတော်တခုဖြစ်ပြီး ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်လေ့ ရှိပါတယ်။
အဲဒီမှာ ပြိုင်ပွဲဝင်မယ့် နိုင်ငံတခုချင်းစီရဲ့ အစိုးရပိုင်ရုပ်သံဌာနက မူရင်းသီချင်းအသစ်နဲ့ သီဆိုဖျော်ဖြေမဲ့သူကို ရွေးချယ်ပေးရပါတယ်။
Eurovision မှာ အနိုင်ရရှိသူက မိုက်ခရိုဖုန်းပုံစံ ဖန်သားဆုတံဆိပ်နဲ့ ကိုယ်စားပြုရာနိုင်ငံဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အတွက် ဩစတြီးယားနိုင်ငံက အိမ်ရှင်ဖြစ်လာခဲ့ပြီး ယဉ်ကျေးမှုနဲ့အတူ ခရီးသွားလုပ်ငန်းကိုပါ မြှင့်တင်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။


