
အစ္စရေးက လက်ဘနွန်တောင်ပိုင်း အာနန်မြို့ကို ဇန်နဝါရီ ၅ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က နိုင်ငံရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်က ရွာ ၄ ရွာကို ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ထုတ်ပြီးနောက် တနင်္လာနေ့မှာ လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ဟားမတ်စ် ပစ်မှတ်တွေလို့ ဖော်ပြထားတဲ့ ပစ်မှတ်တွေကို စတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ခိုက်တာတွေဟာ လက်ဘနွန်အရှေ့ပိုင်း ဘီကာချိုင့်ဝှမ်းက ဟမ်မာရာနဲ့ အိန်အယ်လ်တီနီရွာတွေ၊ တောင်ဘက်က ကာဖာဟတ်တာနဲ့ အာနန်ရွာတွေက ဟစ်ဇ်ဘိုလာနဲ့ ဟားမတ်စ် စစ်ရေးအခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားမယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတယောက်က အစောပိုင်းမှာ ပြောပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ၂၀၂၄ ခုနှစ်မှာ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီခဲ့ပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ တို့အကြား တနှစ်ကျော်ကြာ တိုက်ခိုက်မှုတွေကို အဆုံးသတ်စေခဲ့ပါတယ်။
အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွအဖွဲ့ကို အပြင်းအထန် အားနည်းစေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်ဖက်စလုံးက ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းဖို့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖိအားတွေ လက်ဘနွန်အပေါ် တိုးပွားလာနေပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ လက်နက်တိုက်ကို ပိုမြန်မြန်သိမ်းယူရေး ဖိအားပေးဖို့ အစ္စရေးက ထိခိုက်နစ်နာနေတဲ့ လက်ဘနွန် နိုင်ငံတဝန်းကို သိသိသာသာ တိုးမြှင့်တိုက်ခိုက်လာမှာကို လက်ဘနွန် ခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။
Source: Reuters


