
အနောက်ဘက်ကမ်းက ကာဘာတီယာမြို့ကို အစ္စရေးတပ်တွေ ဒီဇင်ဘာ ၂၇ ရက်မှာ ဝင်ရောက် စီးနင်းခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်ပေးချက်အရ အစ္စရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ကာဘာတီယာမြို့ပေါ်က မိသားစု အမြောက်အမြားကို သူတို့အိမ်တွေကနေ အတင်းအကျပ် နှင်ထုတ်ခဲ့ပြီး ဒုတိယမြောက်နေ့မှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက စနေနေ့မှာ ဒေသခံအတော်များများကို ဖမ်းဆီးစစ်ဆေးချိန်မှာ ကာဘာတီယာမြို့ဆီဝင်တဲ့ ဝင်ပေါက်တွေကို ပိတ်ဆို့ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အယ်လ်ဂျာဇီးယားက ပြောပါတယ်။
အစ္စရေးတပ်တွေက အိမ်တွေ အများအပြားကို စစ်ဘက်ဆိုင်ရာ စစ်ဆေးရေးဌာနတွေအဖြစ် ပြောင်းလဲခဲ့ပြီး နေထိုင်သူတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့လည်း ပါလက်စတိုင်းသတင်းဌာန ဝါဖာက ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်မှာ ပါလက်စတိုင်း တိုက်ခိုက်သူတယောက်က အမျိုးသားတယောက်ကို ကားနဲ့ဝင်တိုက်ပြီး အမျိုးသမီးတယောက်ကို ဓားနဲ့ထိုးခဲ့တဲ့ တိုက်ခိုက်မှုအပြီး အနောက်ဘက်ကမ်းမှာ စစ်ဆင်ရေးတခုအတွက် ပြင်ဆင်နေတယ်လို့ အစ္စရေးစစ်တပ်က ကြေညာပြီးတဲ့နောက် ခုလိုစီးနင်းခဲ့တာလို့ အစ္စရေး အရေးပေါ်ဌာနတွေက ဆိုပါတယ်။
တိုက်ခိုက်ခံရသူ ၂ ယောက်စလုံး သေဆုံးသွားခဲ့တာပါ။ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက တိုက်ခိုက်သူဟာ အခင်းဖြစ်ပွားရာနေရာမှာတင် အရပ်သားတယောက်က ပစ်ခတ်လို့ ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ခဲ့ရတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။
စစ်တပ်က ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး ဒုတိယလမ်းတွေ အားလုံးကို ပိတ်ခဲ့ပါတယ်။
စီးနင်းမှုအတွင်း ဒေသခံတချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ရေးစစ်ဆင်ရေးရဲ့ အကြောင်းရင်းကို သိလားဆိုတာ အစ္စရေးစစ်တပ်က မေးခဲ့တယ်လို့ ဖမ်းဆီးခံထားရသူတယောက်က ပြောပါတယ်။
တိုက်ခိုက်သူ နေခဲ့တဲ့ အနောက်ဘက်ကမ်း ကာဘာတီယာမြို့မှာ နောက်ထပ်တိုက်ခိုက်မှုတွေကို တားမြစ်ရေး ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ စစ်တပ်ကို ညွှန်ကြားထားတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ခက်ဇ်က ပြောခဲ့ပါတယ်။
Source: Reuters


