
အစ္စရေးက ဆိုမာလီလန်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုပြီးတဲ့နောက် ဒီဇင်ဘာ ၂၇ ရက်မှာ ဆိုမာလီယာမြို့တော်က ဒေသခံတွေ စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြောခဲ့ကြပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဆိုမာလီလန်း ထောက်ခံသူတွေရဲ့ အစ္စရေးအလံကို ကိုင်ဆောင်ထားတဲ့ ပုံတွေကို အံ့အားသင့်ရတယ်လို့ မိုဂါဒစ်ရှူးမြို့ရဲ့ လမ်းတွေပေါ်က လူတချို့က ဖော်ပြခဲ့ကြတယ်။
ဒီဆုံးဖြတ်ချက်ဟာ ဆိုမာလီယားရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေတယ်လို့လည်း တချို့က ငြင်းခုံခဲ့ကြပါတယ်။
“ဆိုမာလီလန်းကို အသိအမှတ်ပြုခြင်းဟာ ကျနော်တို့အတွက် ကြီးမားတဲ့ ဒဏ်ရာတခုဖြစ်ပြီး လက်မခံဘူး” လို့ မိုဂါဒစ်ရှူးမြို့ခံ အိုမာ မဟာမွတ်က ပြောပါတယ်။
ဆိုမာလီယာအစိုးရက အစ္စရေးရဲ့ကြေညာချက်ကို ဥပဒေနဲ့ မညီတဲ့ခြေလှမ်း၊ အချုပ်အခြာအာဏာကို တမင်တကာ တိုက်ခိုက်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး ဆိုမာလီလန်းဟာ ဆိုမာလီယာရဲ့ အစိတ်အပိုင်းတခုအဖြစ် ဆက်ရှိနေတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။
အစ္စရေးဟာ ဒီဇင်ဘာ ၂၆ ရက်မှာ ဆိုမာလီလန်းသမ္မတနိုင်ငံကို လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ ဒေသတွင်း လှုပ်ရှားမှုတွေနဲ့ အင်အားတွေကို ပြန်ပုံဖော်နိုင်ပြီး ဆိုမာလီယာရဲ့ ခွဲထွက်ရေး ဆန့်ကျင်မှုကို စမ်းသပ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အာဖရိကသမဂ္ဂကလည်း အသိအမှတ်ပြုမှုကို ပယ်ချခဲ့ပြီး ဆိုမာလီယာရဲ့ စည်းလုံးညီညွတ်မှုအပေါ် သူ့ရဲ့ကတိကဝတ်ကို ထပ်အတည်ပြုခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်တွေဟာ တိုက်ကြီးတလွှား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ် လို့လည်း သတိပေးခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့တဲ့ ဆိုမာလီလန်းဟာ ဆယ်စုနှစ် ၃ ခုကျော် ကြာတဲ့အထိ ထိရောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိခဲ့ပြီး နှိုင်းရတည်ငြိမ်မှုကို ရခဲ့ပေမဲ့ အရင်က ဘယ်နိုင်ငံကမှ အသိအမှတ်ပြုတာကို မရခဲ့ဖူးပါဘူး။
Source: Reuters


