
သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ရပ်ရွာအသစ် ၁၉ ခု တည်ထောင်မဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း နိုင်ငံပေါင်း ၁၄ နိုင်ငံပါဝင်တဲ့ အဖွဲ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန် သတိပေးခဲ့ပါတယ်။
ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အိုက်စလန်၊ အိုင်ယာလန်၊ ဂျပန်၊ မော်လ်တာ၊ နယ်သာလန်၊ နော်ဝေ၊ စပိန်နဲ့ ယူနိုက်တက်ကင်းဒမ်း စတဲ့ ၁၄ နိုင်ငံအဖွဲ့က ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်မှု မူဝါဒတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြင့်လာစေဖို့အတွက် တဖက်သတ် လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရုံသာမက မတည်ငြိမ်မှုတွေ ပိုဖြစ်စေဖို့ မီးလောင်ရာလေပင့် ဖြစ်နေတယ်လို့ အသိပေးလိုကြောင်းလည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒုတိယအဆင့်ကို တိုးတက်ဖို့ ကြိုးပမ်းမှုတွေအကြားမှာ အခြေချနေထိုင်မှုတွေ တိုးချဲ့လာခြင်းဟာ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုကို ထိခိုက်စေနိုင်ပြီး ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အလားအလာတွေကို ထိခိုက်စေနိုင်ကြောင်းလည်း အလေးပေး ပြောကြားခဲ့ပါတယ်။
၁၄ နိုင်ငံအဖွဲ့ဟာ ဘယ်လိုပုံစံမျိုးနဲ့မဆို သိမ်းပိုက်ခြင်းနဲ့ E1 အခြေချနေထိုင်မှုနဲ့ ထောင်နဲ့ချီတဲ့ အိမ်ရာယူနစ်အသစ် အများအပြားကို အတည်ပြုခြင်း အပါအဝင် အခြေချနေထိုင်မှု မူဝါဒတွေ တိုးချဲ့ခြင်းတွေကို ရှင်းရှင်းလင်းလင်း ဆန့်ကျင်ကြောင်းလည်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
ပါလက်စတိုင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပြတ်ပြတ်သားသား ထောက်ခံပါကြောင်းနဲ့ ညှိနှိုင်းထားတဲ့ ၂ နိုင်ငံ ဖြေရှင်းချက်အတွက် အခြားရွေးချယ်စရာ မရှိဘူး ဆိုတာကို ထပ်လောင်းအတည်ပြုပါကြောင်းလည်း ဆိုထားပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယွန်ဆားရ်က ဒီဇင်ဘာ ၂၄ ရက် ညနေမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစ္စရေးအစိုးရဟာ နိုင်ငံတချို့က အစ္စရေးအပေါ် ရှုတ်ချမှုတွေကို ကန့်ကွက်ကြောင်းနဲ့ အစ္စရေးမှာ အသစ်တည်ဆောက်ထားတဲ့ အခြေချနေထိုင်မှုအားလုံးဟာ အစ္စရေးနယ်မြေမှာ တည်ရှိပြီး ဒါတွေဟာ နိုင်ငံတကာဥပဒေနဲ့အညီ ဖြစ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘယ်ဇာလဲလ် ရှမျော့ထရစ်ခ်က အစ္စရေးရဲ့ လုံခြုံရေးအစိုးရအဖွဲ့ဟာ အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်မှုအသစ် ၁၉ ခု တည်ထောင်ဖို့ အတည်ပြုခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း တရားဝင် သို့မဟုတ် အတည်ပြုထားတဲ့ အခြေချနေထိုင်မှု အရေအတွက်မှာ ၆၉ ခုအထိ ရှိလာပြီလို့ ပြောပါတယ်။
ပါလက်စတိုင်းကို နိုင်ငံဖြစ်ခြင်းကို ဆန့်ကျင်ပြီး အစ္စရေးနယ်မြေအပေါ် ထိန်းချုပ်မှု တိုးချဲ့တာကို ထောက်ခံတဲ့ ပါတီတွေ ပါဝင်တဲ့ လက်ရှိ လက်ယာယိမ်းအစိုးရ ဖွဲ့စည်းပြီးကတည်းက အစ္စရေးဟာ အခြေချနေထိုင်မှု ခွင့်ပြုချက်တွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။
အစ္စရေးဟာ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့ပြီးချိန်ကတည်းက နယ်မြေတွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
Source: Reuters


