
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တဲ့ ဖြစ်စဥ်မှာ ပြစ်မှုကျူးလွန်သူ ၈ တန်းကျောင်းသားကို ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက် မနက်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအတွင်း ဖြစ်ခဲ့တဲ့ မောင်မိုးသူရိန် သေဆုံးမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် နေ့လယ်မှာ ရဲတွေက ပြစ်မှုကျူးလွန်သူ ကျောင်းသားကို ကျောင်းမှာ လာဖမ်းခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းဘက်က ဘောလုံးကစားရင်း အမောဆို့ပြီး သေတယ်လို့ သတင်းလွှင့်သလို ရဲတွေကလည်း သေမှုသေခင်းပဲဖွင့်တာ၊ လူမှုကွန်ရက်မှာ သတင်းက အတော်လေးပျံ့သွားပြီး ဆေးရုံကလည်း ဓမ္မတာအတိုင်း သေတာမဟုတ်ဘဲ ရာဇဝတ်မှုဆိုမှ ၈ တန်းကျောင်းသားကို လာဖမ်းတာ။ ကျောင်းအုပ်ရော အတန်းပိုင်ရောပါ ခေါ်သွားတယ်။”
၇ တန်းကျောင်းသား မောင်မိုးသူရိန် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂၈ ရက် မနက်မှာ ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘဲ ရာဇဝတ်မှုလို့ ပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီးတာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“သားသမီးချင်း ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ဘူး။ အသက်ငယ်တိုင်း ကာကွယ်ပေးနေရင် ကလေးတွေ ဒီထက်ပိုဆိုးကုန်မယ်။ လူသတ်ရင် ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူရမယ်။ ထိုက်သင့်တဲ့ပြစ်ဒဏ် ခံစားရမယ်။ ဘာလို့လဲဆိုတော့ သေသွားတဲ့ ကလေးဘက်ကလည်း ပြန်တွေးရမယ်လေ။ ဒါမှ တရားမျှတမှာပေါ့။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မောင်နိုင်ဝင်းခန့်ကို ရွှေပြည်သာမြို့မရဲစခန်းက သေမှုသေခင်းကနေ လူသတ်မှုအဖြစ် ပြောင်းလဲစစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ပညာသင်နှစ်အတွင်း တောင်ဒဂုံ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ၊ လှည်းကူးနဲ့ ရွှေပြည်သာမြို့ စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်မှုတွေကြောင့် ကျောင်းသား ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။


