
နေပြည်တော်ကို ဖေဖော်ဝါရီ ၂ ရက် မနေ့ကရောက်လာတဲ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူကို လူမြင်ကွင်းကနေ တပတ်ကျော်ကြာ ပျောက်နေတဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခြင်းမရှိဘဲ သမ္မတရုံးဝန်ကြီးဌာန (၁) ဝန်ကြီး ဦးတင်အောင်ဆန်းက လက်ခံတွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတကာအကြီးအကဲတွေနဲ့ သံတမန်တွေ လာရောက်တဲ့အချိန်တိုင်း အမြဲတစေ တွေ့ဆုံလေ့ရှိတဲ့ စစ်ခေါင်းဆောင်အနေနဲ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့ တွေ့ဆုံခြင်းမရှိတာဟာ ထူးခြားတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ခါတိုင်းဆို နိုင်ငံတကာ ဘယ်သူလာလာ တွေ့နေတဲ့သူက ရုရှားလုံခြုံရေးကောင်စီက လာတာ မတွေ့ဘူးဆိုတော့ ထူးခြားတယ်။ အခမ်းအနားတွေလည်း ဦးညိုစောတို့ တက်တာ တွေ့ရတယ်။ ကြည်း၊ ရေ၊ လေ ပေါင်းပြီးလုပ်တဲ့ ထမနဲပွဲတောင် မတက်ဘူး။ နေပြည်တော်က တပ်တွေလည်း ငြိမ်နေတယ်။ တပ်ချုပ်ရော ဒုချုပ်ရော ပျောက်နေတာ ထူးဆန်းတယ်။”
လူမြင်ကွင်းကနေ ၇ ရက်ကျော် စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင် ပျောက်ကွယ်နေပြီး အာဏာသိမ်းပြီးနောက် ၆ လ တကြိမ် ပုံမှန်ပြုလုပ်တဲ့ အစည်းအဝေးကိုတောင် ၅ နှစ်ပြည့် သက်တမ်းမှာ မလုပ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂ ရက်က ရုရှားဖယ်ဒရေးရှင်း ဒုကာကွယ်ရေးဝန်ကြီးနဲ့ အဖွဲ့လည်း နေပြည်တော်ကို လာရောက်ခဲ့ပါတယ်။
စစ်ခေါင်းဆောင် လူမြင်ကွင်းကနေ ပျောက်နေတာ သီတင်းတပတ်ကျော်နေပြီး ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်မှာ ထိုင်းသံအမတ်နဲ့ တွေ့ဆုံအပြီးမှာ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၇ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ခေါင်းဆောင်ရောက်နေချိန် Brave Warriors for Myanmar (BWM) ရဲ့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုဖြစ်စဥ် အပြီးမှာ ဒီကနေ့အထိ လူမြင်ကွင်းက ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှောတိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် ဇန်နဝါရီ ၂၇ ရက်က သန်လျင်ရေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ ရေတပ်ဗိုလ်လောင်းသင်တန်းဆင်းပွဲတွေမှာ စစ်ခေါင်းဆောင်ကိုယ်စား ဗိုလ်ချုပ်ကြီးထိန်ဝင်းက မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင် ၂ ယောက် လူမြင်ကွင်းက မကြာခဏ ပျောက်ကွယ်လေ့ရှိတဲ့အတွက် ထူးခြားမရှိဘူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။


