Home
မြန်မာသတင်း
မန္တလေးမြို့ကို စစ်ခေါင်းဆောင်ရောက်ချိန် မတ္တရာတွင် စစ်အင်အားတိုးမြှင့်ချထား
DVB
·
January 26, 2026

စစ်ခေါင်းဆောင် မန္တလေးမြို့ပေါ်ကို ရောက်နေချိန်မှာ မြို့နဲ့အနီးဆုံးဖြစ်တဲ့ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်အင်အားတိုးမြှင့်ချထားတာ၊ မြေပြင်စစ်ကြောင်းထိုးတာ၊ ပြည်သူတွေရဲ့ပစ္စည်း သိမ်းယူတာနဲ့ ပြည်သူအများအပြားကို ပေါ်တာဆွဲ ရှေ့တန်းပို့နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်ခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ခေါင်းဆောင်ဟာ မန္တလေးမြို့ပေါ် ၊ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေကို လှည့်ပတ်ကြည့်ခဲ့တာပါ။

မတ္တရာ PDF ခေါင်းဆောင် ကိုဒေါင်းက “ဧရာဝတီမြစ်ကြောင်းကနေလည်း မတ္တရာနယ် အနောက်တောင်ခြမ်းဘက်ကို ပထမနေ့က သင်္ဘောတွေနဲ့ စစ်သားအင်အား ၂၀၀ လောက်လည်း ပို့သွားတယ်၊ နောက်ရက်ကျတော့ တိုက်ခိုက်ရေးသင်္ဘောတစီးလည်း ကျနော်တို့ မတ္တရာနယ် အနောက်မြောက်ခြမ်းမှာ ကပ်ထားတာရှိတယ်ဗျ။ ကားလမ်းကြောဘက်တွေ ကုန်းပြင်ဘက်တွေမှာလည်း အကြမ်းဖက်ဖမ်းဆီးမှုတွေရှိတယ်၊ ဖျက်ဆီးပြီးတော့ သူတို့တွေ ပစ္စည်းတွေကအစ အကုန်သယ်ပိုးသွားပြီး မတ္တရာမြို့ပေါ်မှာ ပွဲစျေးတန်းပုံစံမျိုး သူတို့ ချရောင်းနေပါတယ်ဗျ။ ပေါ်တာဆွဲပြီးတော့ စစ်သင်တန်းတွေဘာတွေပေးပြီး ရှေ့တန်းပို့တာတွေ ဖြစ်နေပါတယ်ဗျ။ အခု မတ္တရာနယ်မှာ အကြမ်းဖက်ပြီးတော့ ပြည်သူကနေ ပြည်သူကို ပြန်ပြီးတော့ ရန်တိုက်ပေးနေတဲ့ စစ်တပ်ကို အမြစ်ပြတ်အောင်အထိ တိုက်ခိုက်ချေမှုန်းသွားပါမယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲမှာ စစ်ကောင်စီက မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြေညာခဲ့တဲ့ မြို့နယ်တွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်လို့မရအောင် အင်အားတိုးမြှင့်ချထားတာ၊ အဲဒီအင်အားတွေထဲမှာ ပေါ်တာဆွဲခံပြည်သူတွေကို ထည့်ထားတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၉ မှ ဗိုလ်မိုက်ခဲက “မြင်းခြံဘက် ကြိုးစားနေဆဲပါ၊ မြေပြင်အခြေအနေကတော့ လက်ရှိ လောလောဆယ် စစ်ပူနေတဲ့ အခြေအနေမှာပဲ ရှိပါတယ်။ အဓိကတော့ သူတို့ ပေါ်တာဆွဲတဲ့လူတွေနဲ့ အတင်းအကျပ် စစ်ကြောင်းတွေ ပတ်ထိုးနေတာ လောလောဆယ် ဒီလထဲတွေမှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီက ဖိအားပေးတာကြောင့် ဒေသခံတချို့ဟာ မဖြစ်မနေ မဲထည့်ခဲ့ကြရပေမဲ့ မြို့နယ်တခုလုံးကို လွှမ်းခြုံတဲ့ ရွေးကောက်ပွဲတွေကို မန္တလေးတိုင်းထဲမှာ မပြုလုပ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ မှ ဗိုလ်ဇီးရိုးက “မဲထည့်တဲ့သူတွေကတော့ မထည့်ရင် ဘာဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ထည့်နေရတာပေါ့ဗျာ။ တချို့ ကြံ့ခိုင်ရေးကို မကြိုက်တဲ့သူကျတော့လည်း တခြား PPP တို့ ဘာတို့ပေါ့ အဲဒီလိုထည့်တယ်လို့လည်း ကြားတာပဲ။ မဖြစ်မနေ လျှောက်ထည့်လိုက်တာပေ့ါဗျာ၊ ကြံ့ခိုင်ရေးမဟုတ်ရင် ပြီးတာပဲ။ အဲဒီလိုသဘောမျိုး ထည့်တာတွေလည်း ကြားရတာပေါ့။ တကယ်တမ်းတော့ မထည့်ရင် ဘာဖြစ်မယ်၊ ဘာအလုပ်ခံရမယ်ဆိုတဲ့ အသိမျိုးနဲ့ သွားထည့်တယ်လို့ ကျနော်ကတော့ ပြည်သူ့အသံကတော့ အဲဒီလိုကြားတာပဲ။ မြင်းခြံမြို့ စစ်ရေးအခြေအနေကတော့ မနေ့ကတော့ ဒရုန်းတွေ ချကြတယ်လို့ ကြားတယ်၊ ကျန်တဲ့အချိန်ကတော့ ပုံမှန်ပါပဲ၊ သူစောင် ကိုယ်စောင်ပေါ့ ဒီလိုပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ နိုင်ငံတဝန်း လက်ကျန် ၆၁ မြို့နယ်မှာ ဆက်လုပ်သွားမယ်လို့ ကြေညာခဲ့ပြီး မန္တလေးတိုင်းထဲက မြို့နယ် ၈ ခု ပါဝင်ပါတယ်။

မန္တလေးတိုင်း ၂၈ မြို့နယ်ထဲက ၂၅ မြို့နယ်မှာသာ ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကောင်စီက ကြေညာခဲ့ပြီး စဉ့်ကူး၊ နွားထိုးကြီးနဲ့ မိုးကုတ်မြို့နယ်တွေကတော့ ရွေးကောက်ပွဲအပိုင်း ၃ ခုစလုံးရဲ့ စာရင်းမှာ မပါဝင်ခဲ့ပါဘူး။

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း ၁ ကို နိုင်ငံတဝန်း ၁၀၂ မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ အပိုင်း ၂ ကို မြို့နယ် ၁၀၀ မှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ အပိုင်း ၁ မှာ မန္တလေးတိုင်းထဲက မြို့နယ် ၈ ခု၊ အပိုင်း ၂ မှာ မြို့နယ် ၉ ခု ပါဝင်ခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013