
စစ်တပ်ဟာ ကျရောက်လာတဲ့ ဘယ်အန္တရာယ်ရန်စွယ်ကိုမဆို ကာကွယ်ဖို့ တာဝန်ရှိလို့ အရာရှိ၊ စစ်သည်ဇနီးတွေပါ ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံတော်ရဲ့ ကာကွယ်အင်အားမှာ ပိုမိုတောင့်တင်းခိုင်မာလာမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက် မနက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမမှာ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံစဥ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“စစ်သည်အင်အားနဲ့ ရဲမေအင်အားတွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုပါက နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုမှာ များစွာတောင့်တင်းခိုင်မာလာမှာဖြစ်ပြီး တဦးချင်းစွမ်းရည်ထက် စုစည်းညီညွတ်တဲ့အားကို တန်ဖိုးထား ဆောင်ရွက်ကြရန်လိုပြီး တပ်မိသားစုဝင် မှီခိုသူမိသားစုတွေ အချင်းချင်းအနေနဲ့ ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်မွေးပြီး စည်းလုံးညီညွတ်စွာ နေထိုင်ဆောင်ရွက်ကြဖို့လိုတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် အချိန်မရွေး ပြောင်းလဲနေတဲ့ တိုက်ပွဲသဘောတရားတွေကို သိရှိစေဖို့ စာပေဗဟုသုတတွေ လေ့လာဖို့လိုအပ်ပြီး မိမိနိုင်ငံ တာဝန်ယူတဲ့အချိန်မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေကို ထောက်ပံ့ကြေး၊ သက်စွန့်ဆံဖျားစရိတ်တွေ တိုးမြှင့်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်လာပါက စစ်ကောင်စီတပ်မှာ အခြားအဆင့်တွေရဲ့ ဇနီး ရဲမေတွေကို ဆုတ်ခွာခွင့်မပေးဘဲ စစ်တပ်က အသေခံတိုက်ခိုင်းတာ ၁၀၂၇ စစ်ဆင်ရေးကနေ အခုချိန်ထိ ဖြစ်တယ်လို့ တပ်မိသားစုဝင်တယောက် DVB ကို ပြောပါတယ်။
“စစ်တပ်က အကြီးအကဲတွေက လူမရှိရင် တပ်မိသားစုဝင်တွေ ဖြစ်တဲ့ ရဲမေတွေပါ တိုက်ခိုင်းတာ လက်ရှိအချိန်ထိ တခါတလေ သတင်းသေချာမသိဘဲ ရန်သူက စခန်းရသွားပြီထင်ပြီး လေကြောင်းကနေ ဗုံးကြဲလို့ သေရတာထက် ရန်သူ အဖမ်းခံရပြီး စစ်သုံ့ပန်းဖြစ်တာက တော်သေးတယ်လို့ပဲ ပြောရမယ်။”
၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ် MNDAA ၊ TNLA နဲ့ အာရက္ခတပ်တော်ထံမှာ လက်နက်ချသူတွေနဲ့ အဖမ်းခံရသူတွေထဲမှာ တပ်မိသားစုဝင် ရဲမေတွေလည်း ပါဝင်ပါတယ်။


