
ပြီးခဲ့တဲ့စစ်ပွဲတွေကို နမူနာယူပြီး သမားရိုးကျနည်းဗျူဟာတွေထက် လက်ရှိဖြစ်လာမဲ့ တိုက်ပွဲတွေမှာ ခေတ်နဲ့လျော်ညီတဲ့ နည်းပညာတွေကို ထုတ်သုံးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။
တြိဂံတိုင်း စစ်တိုင်းစစ်ဌာနချုပ်နယ်မြေကို ရောက်နေချိန် ဒီဇင်ဘာ ၁၉ ရက် မနက်က ကျိုင်းတုံ တပ်နယ်ရှိ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
“ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်လာနေတဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေအပေါ် မူတည်ပြီး စစ်နည်းဗျူဟာတွေကို ပြောင်းလဲ ကျင့်သုံးနိုင်ဖို့ သုတေသနပြု ဆောင်ရွက်နေရပါမယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတွေကို နမူနာယူပြီး သမားရိုးကျ နည်းဗျူဟာတွေအစား ခေတ်နဲ့လျော်ညီတဲ့ နည်းပညာတွေကို ထုတ်သုံးပြီး နောင်ဖြစ်လာမဲ့ တိုက်ပွဲတွေမှာ အထူးစစ်နည်းဗျူဟာတွေ ကျင့်သုံးဖို့ လိုပါမယ်။”
သင်တန်းကျောင်းမှာ လေကျင့်ပေးနေတဲ့ နည်းပြတွေအနေနဲ့ စစ်သည် တဦးချင်းစီရဲ့ လေ့ကျင့်ရေးပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပါက လုံးဝလျှော့ပေါ့ရမှာမဟုတ်ဘဲ စနစ်တကျ ကြပ်မတ် လေ့ကျင့်ပေးမှသာ တိုက်ရည်ခိုက်ရည်နဲ့ ရဲစွမ်းသတ္တိတွေ ကောင်းမွန်လာမှာဖြစ်ပြီး လက်တွေ့ စစ်မြေပြင်မှာ ကောင်းမွန်တဲ့ ရလဒ်ကို ဖော်ဆောင်နိုင်မှာလို့ ဆိုပါတယ်။
စစ်မှုထမ်း တပ်သားသစ် အင်အား ၂ သိန်းနီးပါး ရလာချိန်မှာ ရခိုင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းကို စစ်ကြောင်းထိုးဖို့ စီစဥ်နေပြီး လေကြောင်းအပြင် နည်းပညာမြင့်ဒရုန်းတွေကို ထုတ်သုံးဖို့ စစ်ခေါင်းဆောင်က ဖိအားပေးနေတာလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကတည်းက မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်ကို သွားလာကာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်ကိုယ်စားလှယ်တွေကို မဲပေးဖို့ ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ရောက်လာတာ ဖြစ်ပါတယ်။
ခေတ်မီနည်းပညာထုတ်သုံးဖို့ စစ်ခေါင်းဆောင်ကပြောနေပေမဲ့ တိုင်းရင်းသာလက်နက်ကိုင် တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ လက်တွေ့မြေပြင်တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးများနေတာ ဖြစ်ပါတယ်။


