
ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတာ့ခ်ဟာ ဆူဒန်နိုင်ငံထဲက အိုးမဲ့အိမ်မဲ့ ဒုက္ခသည်စခန်းဆီ သွားရောက်လည်ပတ်အပြီးမှာ ဆူဒန်နိုင်ငံထဲက အမျိုးသမီးတွေ ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအကြောင်း ကိုယ်တိုင်ကိုယ်ကျ ဖော်ပြချက်တွေကို ကြားသိရလို့ အံ့အားသင့်မိတယ်လို့ ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
ဆူဒန်နိုင်ငံဆီ ၅ ရက်ကြာ ခရီးစဉ်အပြီး ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တာ့ခ်က ခုလို ပြောလိုက်တာပါ၊
ဆူဒန်နိုင်ငံက ပဋိပက္ခဟာနိုင်ငံထဲက လူတိုင်းကို ထိခိုက်စေခဲ့ပြီး စစ်ပွဲဟာ မယုံနိုင်လောက်အောင် ကြီးမားတဲ့ ချောက်ကမ်းပါးဖြစ်တယ်လို့ သူက ဆက်ပြေလိုက်ပြီး ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။
ဒေသတွင်း လှုပ်ရှားသူတွေကို အထူးသဖြင့် လက်နက်တွေ ထောက်ပံ့ပေးပြီး ဒီစစ်ပွဲကနေ စီးပွားရေးအရ အကျိုးအမြတ်ရနေတဲ့သူတွေ အပါအဝင် ဘယ်လိုသြဇာအာဏာရှိသူမဆို အဆုံးသတ်ဖို့ အရေးတကြီး လုပ်ဆောင်ကြဖို့လိုတယ်လို့ တာ့ခ်က ပြောပါတယ်။
တာ့ခ်ဟာ သူ့ခရီးစဉ်အတွင်း အယ်လ်အာဖတ်စခန်း အပါအဝင် နေရာအတော်များများဆီ သွားခဲ့ပြီး စစ်ပွဲအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ စကားပြောဆိုခဲ့ပါတယ်။
တာ့ခ်က “သူတို့ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာက ပြောမပြတတ်အောင်ပါပဲ၊ ဒါက စစ်ပွဲလက်နက်တခုပါ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ပွဲလက်နက်အဖြစ် သုံးပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှု တခုဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတခုလည်းဖြစ်ပါတယ်”လို့ ဖြည့်စွက်ပြောပါတယ်။
RSFနဲ့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဆူဒန်ပြည်တွင်းစစ်ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ခဲ့တာပဖြစ်ပြီး သန်းပေါင်းများစွာသော လူတွေကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ကာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
Source: Reuters


