
စစ်ပွဲအတွက် အသင့်ရှိကြောင်း အီရန်က ကြေညာထားသလို နိုင်ငံအများစုကလည်း သူတို့နိုင်ငံသားတွေ အီရန်ကနေထွက်ဖို့ တိုက်တွန်းထားပါတယ်။
စစ်ပွဲအတွက် အသင့်ရှိတယ်လို့ အီရန်ရဲ့ အစ္စလမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ဇန်နဝါရီ ၁၄ ရက်မှာ ကြေညာထားပါတယ်။
IRGC ရဲ့ အကြီးအကဲဖြစ်သူ တပ်မှူး မိုဟာမက် ပက်ပိုးက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ ဗုဒ္ဓဟူးနေ့က သတိပေးထားတာပါ။
IRGC လေကြောင်းတပ်ဖွဲ့ တပ်မှူးကလည်း လေကြောင်းတိုက်ပွဲတွေ ဆင်နွှဲဖို့ အသင့်ပဲလို့ အဲဒီနေ့မှာပဲ ထုတ်ဖော်ပြောဆိုထားပါတယ်။
အီရန်ဟာ ၂၀၂၅ ခုနှစ်က အီရတ်နဲ့ ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ဖူးပြီး အဲဒီနောက်ပိုင်း စစ်လက်နက်ပစ္စည်း ပိုပြီး စုဆောင်းထားတယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက ပျက်စီးခဲ့တဲ့နေရာတွေကို ပြုပြင်ထားပြီးဖြစ်သလို ဇွန်လ ၂၀၂၅ ခုနှစ်တုန်းကထက် လေကြောင်း လက်နက်အင်အား ပိုများလာတယ်လို့ ပြောထားပါတယ်။
အီရန်ဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းမှာ တပ်တွေချထားမှုနဲ့ လက်နက်တွေ တပ်ဆင်မှုကို စောင့်ကြည့်နေပြီး အခြေအနေကို လျှော့တွက်မှာ မဟုတ်တဲ့အကြောင်းလည်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီနေ့က ပြောပါတယ်။
အမေရိကန် ဗဟိုထိန်းချုပ်မှုဌာနကတော့ အမေရိကန်စစ်တပ်တွေနဲ့ ဒေသဆိုင်ရာ အဖွဲ့ဝင်တွေဟာ ကာတာရှိ လေကြောင်းကာကွယ်ရေးစနစ်တွေမှာ အင်အားတိုးမြှင့်တာတွေ ပြုလုပ်ဖို့ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်က တီဟီရန်မြို့ရှိ နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ကာတာအခြေစိုက်စခန်းတွေကို ပစ်မှတ်ထားခဲ့တာ တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်း အခြေစိုက်စခန်းတွေမှာ ရှိတဲ့ ဝန်ထမ်းတွေကိုလည်း အမေရိကန်က ပြန်လည်ခေါ်ယူမှုတွေ ပြုလုပ်တာမျိုး ရှိတယ်လို့လည်း ရိုက်တာက ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ ပိုလန်၊ အီတလီနဲ့ စပိန်နိုင်ငံတို့က သူတို့နိုင်ငံသားတွေ အီရန်ကနေ ထွက်ခွာဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။
ရုရှားအစိုးရဟာ ၂ နိုင်ငံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အီရန်အစိုးရနဲ့ ဆက်ပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
တခြားဘယ်နိုင်ငံကမှ ရုရှားနဲ့ အီရန်အကြား ဆက်ဆံရေးရဲ့ သဘောသဘာဝကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
လာ့ဗ်ရော့ဗ်ဟာ ရုရှားမြို့တော် မော်စကိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ခုလို ပြောခဲ့တာပါ။
အမေရိကန်အစိုးရက အီရန်နိုင်ငံထဲက ဆန္ဒပြပွဲတွေမှာ ဝင်စွက်ဖက်ဖို့ ခြိမ်းခြောက်ရင် အမေရိကန်အခြေစိုက်စခန်းတွေကို လက်စားချေမယ်လို့ အီရန်အစိုးရက အမေရိကန်တပ်တွေကို လက်ခံထားတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သတိပေးခဲ့တယ်လို့ အီရန်အကြီးတန်းအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ ကုန်သွယ်တဲ့ ဘယ်နိုင်ငံကိုမဆို အခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမယ်လို့ ကြေညာထားပါတယ်။
Source: Reuters


