
အီရန်နိုင်ငံဟာ ခွင့်ပြုချက်ရရှိထားတဲ့ အီရန်ကို အဝင်အထွက်လုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်တွေကိုသာ ခွင့်ပြုထားပြီး တခြားလေကြောင်းခရီးစဉ်တွေအားလုံးအတွက် သူ့ရဲ့လေပိုင်နက်ကို ယာယီ ပိတ်ချလိုက်ကြောင်း လေယာဉ်ခရီးစဉ်ခြေရာခံဝက်ဘ်ဆိုက် Flightradar24 က ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ အီရန်အကြား စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ ဖြစ်နိုင်ခြေရှိနေချိန်မှာပဲ လေကြောင်းလိုင်းတွေဟာ လေယာဉ်ခရီးစဉ်တချို့ကို ဖျက်သိမ်းတာ၊ လမ်းကြောင်း ပြောင်းလဲတာ သို့မဟုတ် နှောင့်နှေးခြင်းတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
အမေရိကန် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးမှ ထုတ်ပြန်တဲ့ အကြောင်းကြားစာမှာ အီရန်က အရှေ့ပိုင်းစံတော်ချိန် ညနေ ၅:၁၅ နာရီ မှာ တရားဝင်ခွင့်ပြုချက်နဲ့ အီရန်ကိုပျံသန်းတဲ့ နိုင်ငံတကာလေယာဉ်တွေမှအပ အခြားလေယာဉ်အားလုံးအတွက် သူ့လေပိုင်နက်ကို ပိတ်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီ အသိပေး တားမြစ်ချက်ဟာ ခန့်မှန်းခြေ ည ၇ နာရီခွဲအထိ ၂ နာရီကျော်ကြာ တားမြစ်ထားပေမဲ့လည်း နောက်ပိုင်း ခန့်မှန်းခြေ ည ၁၀ နာရီခွဲအထိ တိုးချဲ့ခဲ့ကြောင်းလည်း ဆိုပါတယ်။
Flightradar24 မှ ခြေရာခံဒေတာတွေအရ အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီခွဲ ဇန်နဝါရီ ၁၅ ရက် မနက်အစောပိုင်းမှာ အီရန်လေပိုင်နက်ထဲမှ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှ တီဟီရန်ကို ပျံသန်းတဲ့ မာဟန်လေကြောင်း လေယာဉ်တစင်းမှလွဲပြီး အရပ်ဘက်လေယာဉ်တွေ ကင်းမဲ့နေပုံရကြောင်း သိရပါတယ်။
အီရန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ သတ်ဖြတ်မှုတွေ လျော့နည်းလာနေပြီး ဆန္ဒပြသူတွေကို အစုလိုက်အပြုံလိုက် သေဒဏ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့မှာ ပြောနေချိန်မှာပဲ လေ့လာသုံးသပ်သူတွေနဲ့ သံတမန်တွေကတော့ အမေရိကန် စစ်ရေးဝင်ရောက်စွက်ဖက်မှုမှ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။
ဝါရှင်တန်က တိုက်ခိုက်ရင် အမေရိကန်စခန်းတွေကို တိုက်ခိုက်မယ်လို့ တီဟီရန်က အိမ်နီးချင်းနိုင်ငံတွေကို သတိပေးခဲ့တယ်လို့ အီရန်အကြီးတန်းအရာရှိတယောက်က ပြောကြားပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းက စခန်းတွေကနေ သူ့ဝန်ထမ်းတချို့ကို ရုပ်သိမ်းနေတယ်လို့ အမေရိကန်အရာရှိတယောက်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။


