
ရုရှားတပ်တွေက ယူကရိန်းရဲ့ စွမ်းအင်နဲ့ စစ်ဘက် စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းလက်နက်ခဲယမ်းတွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
ယူကရိန်းကလည်း သူ့တပ်ဖွဲ့တွေက ရုရှားဒရုန်းစက်ရုံတခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားစစ်ဘက်တပ်ဖွဲ့တွေက ခဲယမ်းမီးကျောက် ဂိုထောင်တွေ၊ လောင်စာဆီ ဂိုထောင်တွေနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြား ကြေးစားစစ်သားတွေအတွက် ယာယီချထားရေး နေရာတွေ အပါအဝင် နေရာပေါင်း ၁၅၀ ကျော်ကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ရော့စ်တော့ဗ်နဲ့ ဘယ်လ်ဂိုရော့ဒ်ဒေသတွေက ယူကရိန်းဒရုန်း အများအပြားကိုလည်း ပစ်ချခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့နိုင်ငံရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံကို ပစ်မှတ်ထားပြီး ရုရှားက ဒရုန်း ၃၀၀ နီးပါး၊ ပဲ့ထိန်းဒုံးကျည် ၁၈ စင်းနဲ့ ခရုဇ်ဒုံးကျည် ၇ စင်းကို ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မြို့တော်နဲ့ အိုဒက်ဆာ အပါအဝင် ဒေသအများအပြားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
တချိန်တည်းမှာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အထွေထွေဝန်ထမ်းအဖွဲ့က သူတို့ရဲ့ တပ်ဖွဲ့တွေဟာ ရို့စ်တော့ဗ်ဒေသမှာရှိတဲ့ ရုရှားဒရုန်းစက်ရုံတခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ဇာပိုရစ်ချ်ရှားဒေသက ရုရှားတပ်ဖွဲ့ရဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောခဲ့ပါတယ်။
Source: Reuters


