
ရုရှားတပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၁၃ ရက် အစောပိုင်းမှာ ယူကရိန်းရဲ့ အကြီးဆုံးမြို့ ၂ မြို့ဖြစ်တဲ့ ကိယက်ဗ်နဲ့ ခါကိဗ်မြို့တို့ကို အခုနှစ်အတွင်း အပြင်းထန်ဆုံး ဒုံးကျည်တိုက်ခိုက်မှုစတင်ခဲ့လို့ အရှေ့မြောက်ပိုင်း ခါကိဗ်မြို့မှာ လူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအရာရှိတွေနဲ့ မီဒီယာတွေက ပြောပါတယ်။
မြို့တော်ဟာ အချိန်တိုတောင်းပေမဲ့လည်း ပြင်းထန်တဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ကိယက်ဗ်မြို့ရဲ့ စစ်ဘက်အုပ်ချုပ်ရေး အကြီးအကဲ တိုင်မာကက်ချန်ကိုက ပြောပါတယ်။
ရိုက်တာ မျက်မြင်သက်သေတွေဟာ မြို့တွင်း ပေါက်ကွဲသံတွေကို ကြားခဲ့ရပေမဲ့ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုတွေကို ချက်ချင်းမသိရသေးပါဘူး။
ယူကရိန်းကို စောင့်ကြည့်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေအရ ညပိုင်း တနာရီလောက်အတွင်း ပဲ့ထိန်းဒုံးကျည် ၂၀ လောက် ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို အခုနှစ်အတွင်း ယူကရိန်းနိုင်ငံအပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုအဖြစ် ဖော်ပြခဲ့ကြပေမဲ့ လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တိုက်ခိုက်မှုရဲ့ အတိုင်းအတာ အပြည့်အစုံကို ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသလို တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ရုရှားဘက်ကလည်း မှတ်ချက်ပေးတာ မရှိပါဘူး။
နယ်စပ်မှ ၃၀ ကီလိုမီတာ (၁၈ မိုင်) အကွာရှိ ခါကိဗ်မြို့ဟာ ရုရှားရဲ့ မကြာခဏ ပစ်လေ့ရှိတဲ့ ပစ်မှတ်တခုဖြစ်ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလေး ဆီနီးဟူဘို့ဗ်က မြို့ရဲ့ဆင်ခြေဖုံးမှာ တိုက်ခိုက်မှုတခုအတွင်း လူ ၄ ယောက် သေဆုံးခဲ့ပြီး လူ ၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပြောပါတယ်။
ခါကိဗ်တိုက်ခိုက်မှုကြောင့် စာတိုက်ဂိတ်တခုကို ထိမှန်ခဲ့ပြီး အဆောက်အအုံတွေလည်း ပျက်စီးခဲ့ကာ စတုရန်းမီတာ ၅၀၀ လောက်မှာ မီးလောင်မှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေအောက်က လူ ၂ ယောက် အပါအဝင် လူပေါင်း ၃၀ ကို ဘေးကင်းရာ ဆွဲထုတ်နိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကျူးကျော်မှု စတင်ချိန်ကတည်းက ရုရှားဟာ ယူကရိန်းမြို့တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
ကိယက်ဗ်မြို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ခိုက်မှုတွေကို ကြားဖြတ်ဖို့ ကြိုးစားအားထုတ်နေချိန်မှာ ရုရှားဟာ ဆောင်းရာသီမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာကြောင့် လူသန်းပေါင်းများစွာဟာ လျှပ်စစ်ဓာတ်အားနဲ့ အပူပေးစက်တွေ မရှိဘဲ နေခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters


