
ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံရှိ ပစ်မှတ်တခုကို အသံထက်မြန်တဲ့ အိုရက်ရှ်နစ်ခ် (Oreshnik) ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ကြောင်း ဇန်နဝါရီ ၉ ရက်မှာပြောကြားခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့လက သမ္မတ ဗလာဒီမာပူတင်ရဲ့ နေအိမ်ကို ယူကရိန်းဒရုန်း တိုက်ခိုက်ဖို့ ကြိုးပမ်းမှုကို တုံ့ပြန်တာလို့ ဆိုပါတယ်။
ရုရှားက အလယ်အလတ်ပစ် အိုရက်ရှ်နစ်ခ်ဒုံးကျည်ကို ဒုတိယအကြိမ် အသုံးပြုတာဖြစ်ပြီး သူ့ရဲ့အသံထက် ၁၀ ဆ ကျော်မြန်တဲ့အလျင်ကြောင့် ကြားဖြတ်တိုက်ခိုက်ဖို့ မဖြစ်နိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ကြွားဝါထားတဲ့ ဒုံးကျည်လည်း ဖြစ်ပါတယ်။
ဒီဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်စွမ်းရှိပေမဲ့ ညဘက်တိုက်ခိုက်မှုမှာ ဒီတကြိမ် သုံးထားတဲ့ ဒုံးကျည်မှာ နျူကလီးယားထိပ်ဖူး ထည့်သွင်းထားခြင်းမရှိဘူးလို့ ယူဆရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံရှိ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ကြောင်း ပြောပါတယ်။
ရုရှားဟာ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ပစ်မှတ်တိကျမှုမြင့်မားတဲ့ တာဝေးပစ် မြေပြင်နဲ့ရေပြင် အခြေစိုက် လက်နက်တွေကို အသုံးပြုခဲ့ကြောင်းလည်း ဆိုပါတယ်။
တိုက်ခိုက်မှုရဲ့ပစ်မှတ်တွေကို ထိမှန်ခဲ့ကြောင်း ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပြီး အဲဒီပစ်မှတ်တွေဟာ ပူတင်ရဲ့နေအိမ်နဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဒရုန်းတွေကိုထုတ်လုပ်တဲ့ စက်ရုံဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ယူကရိန်းကတော့ ဒီဇင်ဘာ ၂၉ ရက်က နော့ဗ်ဂရော့ဒ်ဒေသရှိ ပူတင်ရဲ့နေအိမ်တလုံးကို ဒရုန်းတွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ရုရှားရဲ့စွပ်စွဲချက်ဟာ ပြဿနာရှိထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ "ကျိုးကြောင်းမဲ့ အလိမ်အညာ" လို့ ခေါ်ဆိုခဲ့ပါတယ်။
ယူကရိန်းလေတပ်က ရုရှားဟာ အိုရက်ရှ်နစ်ခ် ဒုံးကျည်ကို ကက်စပီယန်ပင်လယ်အနီးရှိ ကာပုစတင်းန်ယာ စမ်းသပ်ကွင်းမှ ပစ်လွှတ်ခဲ့ကြောင်း သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။
မော်စကိုဟာ ရုရှားဘာသာနဲ့ ဟေဇယ်လ် သစ်ပင်လို့ အဓိပ္ပာယ်ရတဲ့ အိုရက်ရှ်နစ်ခ် ဒုံးကျည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ယူကရိန်းရှိ စစ်ဘက်စက်ရုံတစ်ခုကို ပထမဆုံး ပစ်ခတ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းကတော့ ဒုံးကျည်မှာ ပေါက်ကွဲပစ္စည်းတွေ မဟုတ်ဘဲ ထိပ်ဖူးအတုတွေကို တပ်ဆင်ထားပြီး ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ယူကရိန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
Source: Reuters


