
ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တရပ် ရရှိမယ်ဆိုပါက ယူကရိန်းမှာ တပ်ဖွဲ့တွေ စေလွှတ်ချထားဖို့ ရည်ရွယ်ကြောင်း ကြေညာချက် (Declaration of Intent) ကို ဗြိတိန်နဲ့ ပြင်သစ်က လက်မှတ်ရေးထိုးလိုက်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြေညာပါတယ်။
ပါရီမြို့ ဆွေးနွေးပွဲ အပြီးမှာတော့ အနာဂတ် ကျူးကျော်မှုတွေကို ဟန့်တားဖို့ ယူကရိန်းနိုင်ငံတလွှား စစ်ဘက်နေရာချထားမှုတွေ လုပ်ဆောင်သွားမယ်လို့ စတာမာက ဆိုပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း ကလည်း ဒီအစီအစဉ်အရ တပ်ဖွဲ့ဝင် ထောင်ချီပြီး စေလွှတ်ချထားဖွယ် ရှိတယ်လို့ ပြောဆိုထားပါတယ်။
မဟာမိတ်တွေအနေနဲ့ ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေပေးဖို့ သဘောတူခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှုမှာ အမေရိကန်က ဦးဆောင်ဖို့ အဆိုပြုထားပါတယ်။
ယူကရိန်းသမ္မတ ဇလန်စကီး ကတော့ ပါရီဆွေးနွေးပွဲရလဒ်ဟာ ရှေ့ရောက်အောင် ခြေလှမ်းကြီးကြီး လှမ်းလိုက်နိုင်တာ ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ နယ်မြေပိုင်းခြားသတ်မှတ်ရေး ပြဿနာကတော့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ယူကရိန်းပိုင်နက်ထဲမှာ နိုင်ငံခြားတပ်ဖွဲ့တွေ ရှိနေမယ်ဆိုရင် “တရားဝင်ပစ်မှတ်” ဖြစ်သွားမယ်လို့ သတိပေးထားပါတယ်။
Source: Reuters


