Home
နိုင်ငံတကာ
ကုလ နေရာ အစားထိုးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရန် နိုင်ငံ ၆၀ ကို ထရမ့်ပ် ကမ်းလှမ်း
DVB
·
January 19, 2026
Photo: Reuters

ကုလသမဂ္ဂကို အစားထိုးဖို့ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရောက်ဖို့ နိုင်ငံပေါင်း ၆၀ လောက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ်းလှမ်းလိုက်ပါတယ်။ 

အဖွဲ့ဝင်သက်တမ်းကို ၃ နှစ်ကန့်သတ်ထားပြီး အမြဲတမ်းအဖွဲ့ဝင် ဖြစ်ချင်ရင်တော့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့ တနိုင်ငံကို ဒေါ်လာ ၁ ဘီလီယံစီ ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့မှာ ထရမ့်ပ်က တသက်တာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဂါဇာအရေးအပြင် တခြားပဋိပက္ခတွေကိုပါ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂနဲ့ စင်ပြိုင်ဖြစ်နေတဲ့အတွက် နိုင်ငံအများစုက သတိထားတုံ့ပြန်နေကြပေမဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကတော့ ချက်ချင်းလက်ခံကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ “ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို နက်နက်ရှိုင်းရှိုင်း သန္နိဋ္ဌာန်ချထားတဲ့ နိုင်ငံတွေကို အမြဲတမ်းအဖွဲ့ဝင်နေရာ ကမ်းလှမ်းထားတာဖြစ်ပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက သူ့ဘက်က လုပ်စရာရှိတာလုပ်ဖို့ အသင့်ပဲလို့ပဲ ပြောထားပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကတော့ ပါဝင်ဖို့ မူအားဖြင့် သဘောတူထားပေမဲ့ အသေးစိတ်ကို စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ခွင့်ပြုပေးခဲ့ပေမဲ့ ၂၀၂၇ အထိပဲဖြစ်သလို ဂါဇာပဋိပက္ခတစ်ခုတည်းကိုပဲရည်ရွယ်တာ ဖြစ်ပါတယ်။

အဲဒီကတည်းက ဂါဇာအနာဂတ်အတွက် ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း မဖော်ပြဘူးလို့ ဗီတိုအာဏာပိုင်တဲ့ ရုရှားနဲ့ တရုတ်က ဝေဖန်ခဲ့ကြပြီး မဲမပေးဘဲ ကြားနေခဲ့ကြပါတယ်။

ဘုတ်အဖွဲ့ဝင်တွေအဖြစ် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနဲ့ ထရမ့်ပ်ရဲ့ သမက် ဂျရက်ကွတ်ရှ်နာတို့ ပါဝင်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

ဖိတ်ကြားခံရတဲ့အထဲမှာ ပြင်သစ်၊ ဂျာမနီ၊ ဥရောပကော်မရှင်နဲ့ အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံတချို့ ပါဝင်တယ်လို့ သိရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013