Home
မြန်မာသတင်း
NUG အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို တိုင်ထားသည့်အမှု အရေးမယူနိုင်သေး
DVB
·
February 2, 2026
Photo: NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ ခင်ပွန်းတို့ကို အရေးယူပေးဖို့ ရုံးဝန်ထမ်းတွေက NUG အစိုးရထံ တိုင်ကြားထားတဲ့အမှုကိစ္စ တလအတွင်း အပြီးသတ်မယ်လို့ စုံစမ်းစစ်ဆေးရေးဘက်က ထုတ်ပြောခဲ့ပေမဲ့ ရက်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ  အကောင်အထည်ပေါ်လာတာ မရှိသေးပါဘူး။

ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်း ဦးညီညီမင်း တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊  လုပ်ငန်းခွင်အတွင်း မလျော်ဩဇာသုံးစွဲမှု စတာတွေနဲ့ ပတ်သက်ပြီး နစ်နာသူတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က NUG အစိုးရအကြီးအကဲတွေဆီကို စာပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်ကြားထားတဲ့ကိစ္စ စုံစမ်းစစ်ဆေးမှု ရလဒ်ပေါ်ထွက်ရေးအတွက် တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ တရားလိုလုပ် တိုင်တန်းခဲ့သူ ၁၂ ယောက်က NUG အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အိတ်ဖွင့်ပေးစာတစောင်ကို ဇန်နဝါရီ ၂၈ ရက်က ပေးပို့ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး NUG အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခဲ့ပြီး တိုင်ကြားသူ ၁၂ ယောက် သက်သေ ၅ ယောက်တို့နဲ့အတူ စုံစမ်းစစ်ဆေးခဲ့ပြီး တလအတွင်း အပြီးသတ် ဆောင်ရွက်ပါမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကို ၃ ကြိမ်တိုင်တိုင် တရားဝင်မေးမြန်းခဲ့ပေမဲ့ ၂ လကျော် ကြန့်ကြာနေတဲ့အတွက် တရားမျှတမှု အမြန်ဆုံးပေါ်ပေါက်စေရေးနဲ့ လက်ရှိအခြေအနေကို ပွင့်လင်းမြင်သာစွာ သိရဖို့ ကြည်ပြာ၏ အဂတိလိုက်စားမှုများအား ဖော်ထုတ်သူများအဖွဲ့က ထုတ်ပြန်ထားတဲ့ စာထဲမှာ ပါရှိပါတယ်။

လက်ရှိအချိန်အထိ တိုင်ကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NUG ဘက်ကရော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဘက်ကပါ အကြောင်းပြန်လာတဲ့ မရှိသေးတဲ့အတွက် တိုင်ကြားသူတွေအနေနဲ့ အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့ခဲ့တာလို့ ဆိုပါတယ်။

တိုင်ကြားသူတယောက်က “ဘာလို့ဆို ကျနော်တို့က နာမည်ဖျက်ချင်တာ မဟုတ်ဘူး၊ မသင့်တော်တဲ့ အမြင်တွေ မရှိစေချင်ဘူး။ ပြီးတော့ တိုင်ကြားမှုအပေါ်မှာလည်း တရားဝင်လမ်းကြောင်းကနေ တိုင်ကြားချင်တယ်။ အပြစ်လုပ်ထားတဲ့သူ အပြစ်ကို တိတိကျကျ ခံယူရစေချင်တယ်။ တော်လှန်ရေးကြီး ပိုပြီးတော့ သန့်ရှင်းပြီးတော့ သွက်သွက်လက်လက် ဖြစ်စေချင်တယ်။ ထပ်ပြောရရင် ကျနော်တို့ စေတနာထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဘက်မလိုက်ဘဲနဲ့ ဟိုးအောက်ခြေက ဝန်ထမ်း မဟုတ်တာလုပ်မှ အရေးယူရဲတဲ့အစိုးရ မဟုတ်ဘူး၊ အမြင့်ဆုံးက အရာရှိ မဟုတ်တာလုပ်လည်း အရေးယူရဲတဲ့ အစိုးရမျိုးပေါ့နော်။ ပြတ်သားတိကျတဲ့ တော်လှန်ရေးအစိုးရ ပီသတဲ့ အစိုးရမျိုး ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုအဖွဲ့ ဖွဲ့စည်းပြီးနောက်မှာ တိုင်ကြားထားသူ ၁၂ ယောက်ကိုလည်း ဒေါ်ကြည်ပြာက ပြန်လည်တိုင်ကြားခဲ့တဲ့အတွက် သူတို့ရဲ့ ရာထူးတာဝန်တွေကနေ ယာယီရပ်ဆိုင်းခဲ့ပြီး Page ကို ပိတ်ဖို့ စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ကြည်ပြာက သူ့ကို တိုင်ကြားသူတွေကို ပြန်လည်တိုင်ကြားခဲ့တဲ့ အမှုတွေက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ အစိုးရကို အကြည်ညိုပျက်စေမှုတွေနဲ့ ပြန်လည်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုအမှုတွေနဲ့ ပြန်လည်တိုင်ကြားခဲ့တယ် ဆိုတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြန်လည်တိုင်ကြားခံရသူတွေက မေးမြန်းခဲ့တာကိုတော့ ပြန်လည်ဖြေကြားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီအမှုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကို DVB က မေးမြန်းကြည့်ရာမှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး မပြီးပြတ်သေးတဲ့အတွက် အမှုအခြေအနေ အသေးစိတ်ကို မထုတ်ပြန်တာလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ဦးစည်သူမောင်က “Open letter က ကျနော်တို့ဆီလည်း ရောက်တယ်။ အဲ့စာမရောက်ခင်ကတည်းက ဝန်ကြီးချုပ်ရုံးကို CRPH ဘက်က စုံစမ်းစစ်ဆေးမှုတွေအပေါ် စာပို့ပြီး မေးမြန်းထားတာ ရှိခဲ့ပါတယ်။ အကြောင်းပြန်စာတော့ မရသေးတာကြောင့် ဒီကိစ္စအပေါ် ကျနော်တို့ လာမဲ့ သောကြာနေ့ CRPH Main body သီးသန့်အစည်းအဝေးမှာ ထပ်မံဆွေးနွေးဖို့ ရှိပါမယ်” လို့ ပြောပါတယ်။

တိုင်ကြားသူတွေဘက်ကတော့ အမှုဖြေရှင်းမှု ကြန့်ကြာလေလေ မတရားမှုကနေ ဆပွားပြီး မသက်ဆိုင်တဲ့လူတွေ၊ အဖွဲ့အစည်းတွေအထိ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ကွင်းဆက် လိုက်ဖြစ်နိုင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အမှားအမှန်ကို ပြတ်ပြတ်သားသား ခွဲခြားစီရင်ပြီး လူထုယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013