
တရုတ်နိုင်ငံရဲ့ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ဖယ်ရှားခံရမှုဟာ အဂတိလိုက်စားမှုထက် အာဏာအားပြိုင်မှုက အဓိကကျပြီး သမ္မတ ရှီကျင့်ဖျင် အနေနဲ့ သူ့ယုံကြည်မှုကို ဖောက်ဖျက်တဲ့ အရာရှိကြီးတွေကို ဘေးထုတ်ပြီး အာဏာခိုင်မာအောင် လုပ်ဆောင်တာလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
ဇန်နဝါရီ ၂၄ ရက်က ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနဲ့ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် လျိုကျိန်းလီ တို့ကို စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ စစ်ဆေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဒါဟာ မော်စီတုန်းခေတ်နောက်ပိုင်း တရုတ်စစ်တပ်အတွင်း အကြီးမားဆုံး ဖယ်ရှားရှင်းလင်းမှုလည်း ဖြစ်ပါတယ်။
Asia Society က တရုတ်နိုင်ငံရေးလေ့လာသူ နီးလ်သောမတ်စ်က “ဒါဟာ မော်စီတုန်းခေတ် နောက်ပိုင်း တရုတ်စစ်တပ်အတွင်း အကြီးမားဆုံး ဖယ်ရှားရှင်းလင်းမှုဖြစ်ပြီး အမေရိကန်မှာဆိုရင် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌကို ဖမ်းဆီးတာနဲ့ အလားတူတဲ့ ထူးခြားတဲ့ဖြစ်ရပ်ပါ” လို့ ပြောပါတယ်။
CIA လေ့လာသုံးသပ်သူဟောင်း ဒင်းနစ်ဝိုင်လ်ဒါ ကလည်း “ဒါဟာ အဂတိလိုက်စားမှုကိစ္စ မဟုတ်ဘဲ ဗိုလ်ချုပ်ကြီးတယောက် အာဏာအရမ်းကြီးလာတဲ့အတွက် ဖြစ်လာတဲ့ အာဏာအားပြိုင်မှုသာ ဖြစ်တယ်” လို့ ထောက်ပြပါတယ်။
Defense Priorities အဖွဲ့က အာရှရေးရာဒါရိုက်တာ လိုင်းလ်ဂိုးလ်စတိန်းကတော့ “ဒီလို ဖယ်ရှားမှုတွေကြောင့် ထိုင်ဝမ်ကို တိုက်ခိုက်မဲ့ အစီအစဉ် ပျက်သွားနိုင်တယ်လို့ ယူဆလိုက်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်” လို့ သတိပေးထားပါတယ်။
စင်ကာပူအမျိုးသားတက္ကသိုလ်က ပါမောက္ခ အဲလ်ဖရက်ဝူ ကလည်း နောက်ထပ် ဖမ်းဆီးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


