
ထိုင်းနိုင်ငံမှာ အမှုအခင်းတွေကို လက်သံပြောင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သူလို့ နာမည်ကြီးခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ်ဟောင်း ဆူရချေ့ဟတ်ဖန်း ခေါ် Big Joke ဟာ ဘတ်ငွေ သန်းချီတန်တဲ့ ရွှေချောင်းတွေနဲ့ လာဘ်ထိုးမှုရှိခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဇန်နဝါရီ ၆ ရက်မှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အဆိုပါအမှုနဲ့ ပတ်သက်တဲ့ သက်သေတွေ အခိုင်အလုံရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဆိုပါသတင်းစာရှင်းပွဲကို ဘန်ကောက် ဖဟွန်ယိုးထင်းလမ်း ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးချုပ်မှာ ကျင်းပပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာန ဒုရဲမှူးချုပ် သရိုင်းရုန်း ဖျူဖန်း၊ ဗဟိုရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ကျရွန်းကစ် ဘန်ကယောက်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်တွေက သတင်းစာရှင်းလင်း ပြောကြားခဲ့ကြတာပါ။
ဒုရဲချုပ်ဟောင်းဟာ ကာလတန်ဖိုး ဘတ် ၁၀ သန်းကျော်ရှိ ရွှေချောင်းအလေးချိန် ၂၄၆ ဘတ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန ကော်မတီဝင်တယောက်ကို ၂၀၂၄ ခု စက်တင်ဘာလက ပေးအပ်ခဲ့ကြောင်း ဗွီဒီယိုဖိုင်၊ ဖုန်းပြောတဲ့အသံဖိုင်တွေ ရထားတယ်၊ အမှုမှာ ပါဝင်ပတ်သက်သူ ၆ ယောက်ရှိတယ်၊ အမှုတည်ဆောက်တာ ၉၈ ရာခိုင်နှုန်း ပြီးစီးပြီ၊ မကြာခင် တရားရုံးကို တင်နိုင်မယ်လို့ ဒုရဲမှူးချုပ် သရိုင်းရုန်းဖျူဖန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ ဗွီဒီယိုဖိုင်မှာ ကားထဲရှိ လူတယောက်က ရွှေချောင်းတွေကို ရေတွက်ပြီး အိတ်ထဲ ပြန်ထည့်နေပုံ၊ ခဏအကြာ အနက်ရောင် အာရ်ဖတ်ကားတစီး ချိန်းဆိုရာနေရာကို ရောက်ရှိလာပြီး Big Joke ရဲ့ နောက်ထပ်လူယုံတယောက်က ပစ္စည်းကို သွားပို့ပေးတဲ့ပုံတွေ ပါရှိတယ်။ အဆိုပါ ဗွီဒီယိုဖိုင်ကို ရဲမှူး ဖာ့ခ်ဖုန်း ဖစ်ဆမိုင် ကိုယ်တိုင်က တာဝန်ရှိသူတွေကို ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
ရဲမှူး ဖာ့ခ်ဖုန်း ဖစ်ဆမိုင်ဟာ အရင်က Big Joke ရဲ့ ညာလက်ရုံး လူယုံ တပည့်ကျော်တယောက် ဖြစ်ပြီး အဆိုပါ ရွှေချောင်းအမှုထဲမှာ ပါဝင်ပတ်သက်လို့ Big Joke နဲ့အတူ စွပ်စွဲခံထားရကာ လောလောဆယ် ရဲတပ်ဖွဲ့ရဲ့ တာဝန်ဝတ္တရားတွေ ရပ်နားခံထားရပါတယ်။
အခုလို ဗွီဒီယိုဖိုင်ကို ရဲလက်ထဲအပ်နှံခြင်းမှာ ခေါင်းဆောင် Big Joke ရဲ့ လုပ်ဆောင်ချက်တွေ မကျေနပ်လို့ ဖြစ်တယ်၊ အဆိုပါရွှေချောင်းတွေ လာဘ်ထိုးမှုမှာ Big Joke ရဲ့ ညွှန်ကြားချက်နဲ့ ဗွီဒီယိုကိုလည်း Big Joke ကပဲ ရိုက်ခိုင်းတယ်၊ အမှုအခင်းဖြစ်လာတော့ Big Joke က သူ့ကို ပြန်လွှဲချတယ်၊ သူလည်း တာဝန်က အနားပေးခံရသလို ဖခင်အပါအဝင် မိသားတစုလုံး ပတ်ဝန်းကျင်ရဲ့ လက်ညှိုးထိုးတာ ခံခဲ့ရတယ်၊ မိမိလုပ်ရပ်ပေါ် တာဝန်မယူတဲ့ Big Joke ကို မကျေနပ်တာကြောင့် အခုလို ဖော်ထုတ်ရတာဖြစ်ကြောင်း ရဲမှူး ဖာ့ခ်ဖုန်း ဖစ်ဆမိုင်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် Big Joke ရဲ့ တပည့်တယောက်ကလည်း သူတို့အစည်းဝေးခန်းထဲမှာ ပြောခဲ့တဲ့ အသံဖိုင်၊ အခန်းထဲမှာ ထိုင်ခုံဘယ်နှလုံးရှိတယ်၊ စားပွဲဘယ်နှလုံး ရှိတယ်၊ ဘယ်သူက ဘယ်နေရာမှာ ထိုင်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောပါတယ်။
ရွှေချောင်းတွေ လက်ခံရယူတယ်ဆိုတဲ့ ထိုင်းအမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် တယောက်ကတော့ ဒီနေ့ထက်တိုင် ရွှေချောင်းကိစ္စ တခွန်းတပါဒမှ ဝင်ရောက် ပြောဆိုတာ၊ ရဲစခန်းမှာ လာရောက်သတင်းပို့တာတွေ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး Big Joke ကတော့ သူ ပါဝင်ပတ်သက်မှုမရှိကြောင်း တောက်လျှောက် ငြင်းဆိုခဲ့တယ်၊ သူ့ရဲ့ရှေ့နေဖြစ်သူ နိုင်းဆန်ယားဖတ်ချရ ဆာမတ်ကလည်း မနေ့က ရဲတပ်ဖွဲ့က ပြသခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲမှာ Big Joke ရဲ့ ရုပ်တွေ မပါဘူး၊ အမှုဖြစ်တာကြာပြီ၊ ရဲမှူး ဖာ့ခ်ဖုန်းက အခုမှလာပေးတဲ့အပေါ်လည်း သံသယရှိတယ်၊ စွဲဆိုခံထားရတဲ့ ၆ ယောက်ထဲမှာ ဘာကြောင့် တယောက်ကိုပဲ အခုလို ပြောခွင့်ပေးတာလဲ၊ ဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လုပ်ဆောင်ရမှာကို ရဲတပ်ဖွဲ့က ဘာကြောင့်ဝင်လုပ်ရသလဲ ဆိုတာကို သံသယရှိတယ်လို့ ပြောပါတယ်။
ဒါကြောင့် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ထိုင်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနကို သွားရောက်တိုင်တန်းမယ်၊ ထိုင်းနိုင်ငံမှာ ပြည်သူတွေ ယုံကြည်အားထားရတဲ့ မျှတသောတရားစီရင်မှု ရှိတယ်ဆိုတာ ယုံကြည်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Big Joke ဒုရဲချုပ် ဖြစ်ခဲ့စဉ်က ထိုင်းရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိတွေကြားမှာ ရာထူးရာခံကိစ္စ အပြိုင်အဆိုင်တွေ ရှိခဲ့ပြီး အွန်လိုင်းလောင်းကစားမှု၊ ငွေကြေးခဝါချမှုမှာ လာဘ်စားမှုရှိကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
Source: Thairath / CH3 TV News


