
တရုတ်အစိုးရဟာ ချိုင်းနားဟွာရုန်း နိုင်ငံတကာ ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ အထွေထွေမန်နေဂျာဟောင်း ပိုင်ထျန်းဟွီကို စုစုပေါင်း ယွမ် ၁ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၁၅၆ သန်း) လာဘ်ယူမှုအတွက် ဒီဇင်ဘာ ၉ ရက်မှာ ကွပ်မျက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ကြေညာပါတယ်။
အဲဒီကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်မှစပြီး ချိုင်းနား စီတစ်ခ် ငွေကြေးပိုင်ဆိုင်မှု စီမံခန့်ခွဲမှုအဖြစ် လူသိများလာခဲ့ပြီး အရင်တုန်းကတော့ အခက်အခဲကြုံနေရတဲ့ ချိုင်းနား ဟွာရုန်း ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုလုပ်ငန်းရဲ့ အဓိက ပြည်ပငွေကြေးထောက်ပံ့မှုဌာနတခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ကြွေးမြီဆိုး စီမံခန့်ခွဲရေး အဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ ဟွာရုန်း လုပ်ငန်းကို နိုင်ငံတော်ဘဏ်တွေဆီက ကြွေးမြီဆိုးတွေကို ကိုင်တွယ်ဖို့အတွက် တည်ထောင်ခဲ့တာပါ။
“ပိုင်ထျန်းဟွီ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တဲ့ ပမာဏဟာ အထူးသဖြင့် ကြီးမားလွန်းပြီးတော့ လူမှုရေးဆိုင်ရာ သက်ရောက်မှုကလည်း အထူးအန္တရာယ်များတာကြောင့် နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ဆိုးဆိုးရွားရွား ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်” လို့ CCTV က ပြောပါတယ်။
ပိုင်ထျန်းဟွီဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဟွာရုန်း နိုင်ငံတကာ ဘဏ္ဍာရေး ဦးပိုင်လီမိတက် (ဟောင်ကောင်) နဲ့ ချိုင်းနား ဟွာရုန်း နိုင်ငံတကာဦးပိုင်လီမိတက်တို့မှာ သူ့ရဲ့ အကြီးပိုင်းရာထူးတွေကို အသုံးချကာ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို တရားမဝင် လက်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ် မေလမှာ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမြို့ရှိ တရားရုံးတခုကနေ သေဒဏ် ချမှတ်ခဲ့တဲ့ ပိုင်ထျန်းဟွီဟာ ဖေဖော်ဝါရီလမှာ အထက်တရားရုံးကို တင်သွင်းထားတဲ့ အယူခံ ရှုံးနိမ့်ခဲ့ပြီး အဲဒီစီရင်ချက်ကို နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ထပ်မံအတည်ပြုလိုက်ပါတယ်။
တရားခံ ပိုင်ထျန်းဟွီကို လာဘ်ပေးလာဘ်ယူမှုနဲ့ သေဒဏ်ချမှတ်ခဲ့ပြီး နိုင်ငံရေး အခွင့်အရေးတွေ ကိုလည်း တသက်တာ ပိတ်ပင်ခဲ့ကာ ပုဂ္ဂလိကပိုင်ဆိုင်မှုအားလုံးကိုလည်း သိမ်းယူလိုက်ကြောင်း CCTV မှာ ဖတ်ကြားသွားပါတယ်။
ဒီကွပ်မျက်မှုဟာ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်လာတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ဘဏ္ဍာရေးလုပ်ငန်းအထိ တိုးချဲ့ရောက်ရှိလာတဲ့ နောက်ဆုံးကွပ်မျက်မှု ဖြစ်ပါတယ်။
Source: Reuters


