
ဘူလ်ဂေးရီးယားနိုင်ငံမှာ စီးပွားရေးမူဝါဒတွေနဲ့ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ မအောင်မြင်ဘူးလို့ ယူဆကြတဲ့အပေါ် လမ်းပေါ်ဆန္ဒပြမှုတွေ ရက်သတ္တပတ်ချီ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက်မှာ ဝန်ကြီးချုပ် ရိုဇန် ဂျယ်လ်ယက်ဇ်ကော့ဗ်ဟာ သူ့အစိုးရတဖွဲ့လုံး နုတ်ထွက်ကြောင်း တင်ပြခဲ့ပါတယ်။
လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုကို မဲခွဲဖို့ မိနစ်ပိုင်းအလိုမှာပဲ ဂျယ်လ်ယက်ဇ်ကော့ဗ်ဟာ ရုပ်မြင်သံကြား ထုတ်လွှင့်မှုမှာ သူ့ရဲ့နုတ်ထွက်မှုကို ကြေညာခဲ့ပါတယ်။
ဘူလ်ဂေးရီးယားဟာ ဇန်နဝါရီ ၁ ရက်မှာ ယူရိုဇုန်ထဲဝင်ရောက်ဖို့ စီစဉ်ထားတဲ့အချိန် မတိုင်ခင်လေးမှာပဲ ဒီနုတ်ထွက်မှု ပေါ်ပေါက်လာခဲ့တာပါ။
ထောင်ပေါင်းများစွာသော ဘူလ်ဂေးရီးယားနိုင်ငံသားတွေဟာ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက မြို့တော် ဆိုဖီယာနဲ့ ပင်လယ်နက်နိုင်ငံတဝန်းရှိ တခြားမြို့တွေနဲ့ မြို့ကြီးများစွာမှာ စုဝေးခဲ့ကြပြီး ဖြစ်ပွားနေကျ အဂတိလိုက်စားမှုနဲ့ အစိုးရအဆက်ဆက်က ဒါကို အမြစ်ပြတ်အောင် မလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် လူထုရဲ့ စိတ်ပျက်မှုကို မီးမောင်းထိုးပြတဲ့ ဆန္ဒပြပွဲတွေထဲက နောက်ဆုံးတခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဂျယ်လ် ယက်ဇ်ကော့ဗ်ရဲ့ အစိုးရဟာ ဆန္ဒပြမှုတွေကြောင့် ယူရိုငွေနဲ့ ပထမဆုံးရေးဆွဲခဲ့တဲ့ ၂၀၂၆ ခုနှစ် ဘတ်ဂျက်အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။
အတိုက်အခံပါတီတွေနဲ့ တခြားအဖွဲ့အစည်းတွေကတော့ သူတို့ဟာ နိုင်ငံတော်အသုံးစရိတ်တွေ မြင့်မားလာစေဖို့အတွက် လူမှုဖူလုံရေး ထည့်ဝင်ငွေတွေနဲ့ အစုရှယ်ယာတွေအပေါ် အခွန်တွေ တိုးမြှင့်မယ့် အစီအစဉ်တွေကို ကန့်ကွက်ဆန္ဒပြနေတာဖြစ်ကြောင်း ပြောကြပါတယ်။
Source: Reuters


