Home
နိုင်ငံတကာ
တရုတ် စစ်တပ်အရာရှိကြီး ၂ ဦးကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေး
DVB
·
January 25, 2026
Photo: Reuters/Florence Lo

တရုတ်ကွန်မြူနစ်ပါတီဟာ သြဇာအာဏာအရှိဆုံး စစ်ဘက်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကျန်းယိုရှာ နဲ့ လျိုရှန်းလီတို့ကို စည်းကမ်းနဲ့ဥပဒေကို ပြင်းထန်စွာချိုးဖောက်မှု သံသယနဲ့ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။ 

အသက် ၇၅ နှစ်အရွယ် ကျန်းယိုရှာဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကွပ်ကဲမှုအဖွဲ့အစည်းဖြစ်တဲ့ ဗဟိုစစ်ကော်မရှင် (CMC)ရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ကျန်းယိုရှာဟာ သမ္မတ ရှီကျင့်ဖျင် ရဲ့ အရင်းနှီးဆုံး စစ်ဘက် မဟာမိတ်အဖြစ် လူသိများပြီး တိုက်ခိုက်ရေးအတွေ့အကြုံရှိတဲ့ ထိပ်တန်းအရာရှိကြီး အနည်းငယ်ထဲက တယောက်ဖြစ်ပါတယ်။ လျိုရှန်းလီကတော့ ဗဟိုစစ်ကော်မရှင်ရဲ့ ပူးတွဲစစ်ဦးစီးဌာန အကြီးအကဲ စစ်ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ကို အဂတိလိုက်စားမှုကို ရည်ညွှန်းလေ့ရှိတဲ့ "စည်းကမ်းနဲ့ ဥပဒေကို ပြင်းထန်စွာချိုးဖောက်မှု"ကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးဖို့ ပါတီက ဆုံးဖြတ်ခဲ့တာပါ။

၂၀၁၂ ခုနှစ်မှာ သမ္မတ ရှီကျင့်ဖျင် အာဏာရလာပြီးနောက် စတင်ခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွင်း တရုတ်စစ်တပ်ဟာ အဓိကပစ်မှတ်တခု ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဒုံးပျံတပ်ဖွဲ့ကို ပစ်မှတ်ထားရာကနေ စစ်ဘက်အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေအထိ သက်ရောက်မှု ပြင်းထန်လာခဲ့ပါတယ်။ 

၂၀၂၅ အောက်တိုဘာလက ထိပ်တန်းဗိုလ်ချုပ်ကြီး ၈ ယောက်ကို ပါတီမှ ထုတ်ပယ်ခဲ့တဲ့အထဲမှာ ကျန်းယိုရှာ နဲ့အတူ ဗဟိုစစ်ကော်မရှင်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ရှီရဲ့ လက်ရုံးတယောက် ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဟယ်ဝေဒုန်း လည်း ပါဝင်ခဲ့ပါတယ်။ 

မကြာသေးမီနှစ်တွေအတွင်းကလည်း ကာကွယ်ရေးဝန်ကြီးဟောင်း ၂ ယောက်ဟာ အဂတိလိုက်စားမှုနဲ့ ပါတီမှ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။ 

အခုလို စစ်ဘက်ထိပ်တန်းခေါင်းဆောင်ပိုင်းတွေကို ဆက်တိုက်အရေးယူနေတာကြောင့် တရုတ်နိုင်ငံရဲ့ အဆင့်မြင့်လက်နက်တွေ ဝယ်ယူရေးလုပ်ငန်းစဉ်တွေ နှောင့်နှေး ကြန့်ကြာနေပြီး တရုတ် စစ်ဘက်ဆိုင်ရာ ကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေတွေလည်း ထိခိုက်နေကြောင်း သိရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013