
ပီရူးသမ္မတ ဟိုဆေးဟယ်ရီဟာ သူ့ရဲ့တရားဝင် လုပ်ငန်းဆောင်တာအစီအစဉ်ရဲ့ ပြင်ပမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တယောက်နဲ့တွေ့ဆုံခဲ့တဲ့ကိစ္စ လွှတ်တော်ရှေ့မှောက်မှာ ရှင်းလင်းပြောဆိုခွင့် တောင်းဆိုခဲ့ပြီး အဲဒီတွေ့ဆုံမှုတွေကို နိုင်ငံတဝန်း လှုပ်ခါစေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံ အသစ်တခုအဖြစ် အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးနေပါတယ်။
သမ္မတဟောင်း ဒီနာဘိုလွာတေးကို ရာထူးမှ ထုတ်ပယ်ပြီးနောက် အောက်တိုဘာလမှာ အာဏာလွှဲပြောင်းယူခဲ့တဲ့ လက်ရှိသမ္မတ ဟိုဆေးဟယ်ရီဟာ သူ့ကို အဲဒီအစည်းအဝေးတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ဥပဒေပြုရေးကြီးကြပ်မှုကော်မတီမှာ ပါဝင်ခွင့်ရဖို့ ဇန်နဝါရီ ၂၀ ရက်က လွှတ်တော်ကို စာပေးပို့တောင်းဆိုခဲ့ပါတယ်။
ပီရူးနိုင်ငံမှာ သမ္မတရဲ့ တွေ့ဆုံမှုတွေကို အစဉ်အလာအရ တရားဝင်အစီအစဉ်အနေနဲ့ ထည့်သွင်းလေ့ရှိပါတယ်။
သမ္မတ ဟယ်ရီဟာ စီးပွားရေးစတိုးဆိုင်တွေနဲ့ စွမ်းအင်စီမံကိန်းအတွက် လုပ်ပိုင်ခွင့်ရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ကျီဟွာယန်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး သူ့ရဲ့အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အများပြည်သူသိအောင် ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ပွင့်လင်းမြင်သာမှု အားနည်းခြင်းနဲ့ အဂတိလိုက်စားမှု အလားအလာတွေအပေါ် ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ အဆိုအရ သမ္မတဟယ်ရီဟာ ဒီဇင်ဘာ ၂၆ ရက်နဲ့ ဇန်နဝါရီ ၆ ရက်တွေမှာ ကျီဟွာယန်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သမ္မတဟယ်ရီဟာ သယ်ယူပို့ဆောင်ရေး ယာဉ်မောင်းများ သပိတ်မှောက်နေမှုကို လာနေချိန်အတွင်းမှာ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။
သမ္မတဟယ်ရီကတော့ သူ့အနေနဲ့ ဘာမှဖုံးကွယ်စရာလည်း မရှိ၊ ကြောက်စရာလည်း မရှိကြောင်း၊ သူ့ကို ဆင့်ခေါ်တဲ့အခါကျရင် သူသွားရောက်မှာဖြစ်ကြောင်း၊ သူ့ဘက်က အမှားအယွင်း တစုံတရာ ရှိခဲ့တယ်ဆိုတာ ဝန်ခံပေမဲ့ ပုံမှန်မဟုတ်တဲ့၊ ထူးဆန်းတဲ့ ဘာကိစ္စမှ မရှိဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သမ္မတဟယ်ရီဟာ လီမာမြို့ရှိ တရုတ်စားသောက်ဆိုင်တဆိုင်မှာ ညစာစားပွဲမှာ ပထမဆုံးတွေ့ဆုံမှုအတွက် အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။
သမ္မတဟယ်ရီ တောင်းပန်ပြီး နာရီပိုင်းအကြာမှာပဲ ခွင့်ပြုချက်မရှိတဲ့ ထုတ်ကုန်တွေ ရောင်းချမှုကြောင့် လီမာအာဏာပိုင်တွေက လုပ်ငန်းရပ်ဆိုင်းထားတဲ့ စီးပွားရေး လုပ်ငန်းရှင် ကျီဟွာယန်းနဲ့ ဒုတိယအကြိမ်တွေ့ဆုံမှုကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။
ဟွာယန်းရဲ့ ရှေ့နေတယောက်ကတော့ ဒီတွေ့ဆုံမှုတွေဟာ သမ္မတ ဟယ်ရီက လုပ်ထုံး လုပ်နည်းတချို့ကို ချိုးဖောက်ခဲ့တဲ့ ခင်မင်ရင်းနှီးတဲ့ တွေ့ဆုံမှု ဖြစ်တယ်လို့ တနင်္လာနေ့ညပိုင်းက RPP ရေဒီယိုဌာနကို ပြောကြားခဲ့ပါတယ်။


