
၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်အလိုက်လျာထားတဲ့ ရည်မှန်းချက်အတိုင်း ပြည့်မီခဲ့တယ်လို့ အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း တရုတ်လူဦးရေဟာ ၄ နှစ်ဆက်တိုက် ကျဆင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလိုမျိုး လူအယောက် ၃.၃၉ သန်းအထိ လျော့ကျသွားတာကြောင့် တရုတ်နိုင်ငံရဲ့ စုစုပေါင်းလူဦးရေဟာ ၁.၄၀၅ ဘီလီယံသာ ရှိတော့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်တွင်း သုံးစွဲမှုတိုးမြှင့်ဖို့ ရုန်းကန်နေရတာ၊ အိမ်ခြံမြေအကျပ်အတည်း ကြာရှည်နေတာ နဲ့ စည်းကြပ်ခွန်တွေကြောင့် ဂယက်ရိုက်တာမျိုးအထိ ရှိနေပေမဲ့လည်း ပြည်ပတင်ပို့မှုကတော့ စံချိန်တင် မြင့်တက်လာတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ တပတ်တုန်းကဆိုရင် ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးပိုငွေပြမှု ဖြစ်တဲ့ ဒေါ်လာ ၁.၁၉ ထရီလီယံကို ရရှိခဲ့ကြောင်း ပေကျင်းအစိုးရအနေနဲ့ အတည်ပြုထားပါတယ်။
တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ပြီးခဲ့တဲ့နှစ်အတွင်း အနိမ့်ဆုံးအဆင့်အထိ ရောက်လာခဲ့သလို ၂၀၂၄ ခုနှစ်ထက်လည်း လူဦးရေကျဆင်းမှု ပိုမို မြန်ဆန်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ကလေးမွေးဖွားနှုန်း ၉.၅၄ သန်းအထိ ရှိခဲ့ရာကနေ ၂၀၂၅ အရောက်မှာတော့ ၇.၉၂ သန်းလောက်ကို ကျဆင်းသွားခဲ့တာပါ။
အလားတူ တရုတ်အမျိုးသားစာရင်းအင်း ဗျူရိုရဲ့ အတည်ပြုချက်အရ ၂၀၂၄ အတွင်း သေဆုံးသူဦးရေဟာ ၁၀.၉၃ သန်းသာ ရှိခဲ့ရာကနေ ၂၀၂၅ မှာ ၁၁.၃၁ သန်းအထိကို မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အခွန်စည်းကြပ်မှုတွေကို အဓိကကျတဲ့ စီးပွားရေးမူဝါဒအဖြစ် ဆက်လက်ကျင့်သုံးနေတာကြောင့် တရုတ်နိုင်ငံဟာ စိန်ခေါ်မှုတွေနဲ့ထပ်ပြီး ကြုံလာရနိုင်ပါတယ်။
ဒါ့အပြင် တရုတ်ပြည်တွင်းထဲက အိမ်ခြံမြေစျေးနှုန်းတွေ အလွန်ကျဆင်းလာတာမျိုးနဲ့ ဒေသန္တရအစိုးရတွေရဲ့ ကြွေးမြီမြင့်တက်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပေမဲ့ စီပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းဝန်းကျင် ရှိရမယ်ဆိုပြီး လျာထားခဲ့တာပါ။
ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကတော့ ပို့ကုန်တွေနဲ့အတူ ရင်းနှီးမြှုပ်နှံမှုအပေါ် မှီခိုနေရတဲ့ပုံစံဟာ ရေရှည်မှာ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး တရုတ်အစိုးရကို သတိပေးထားပါတယ်။
ဒါကြောင့်ပဲ တရုတ်ခေါင်းဆောင်တွေဘက်က ပြည်တွင်းသုံးစွဲမှု ပြန်တက်လာအောင် ကြိုတင်ပြင်ဆင်မှုရှိတဲ့ (Proactive) ဘဏ္ဍာရေးမူဝါဒတွေကို ကျင့်သုံးသွားမယ်ဆိုပြီး ကတိပြုထားပါတယ်။
Source: Reuters


