
ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးဟာ နိုင်ငံတော်ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၄ ရက်က ပေကျင်းမြို့တော်ကို ရောက်လာခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနမှာ ဖော်ပြထားပါတယ်။
၂၀၁၇ တုန်းက ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျပ်စတင် ထရူးဒိုးရဲ့ ခရီးစဉ်နောက်ပိုင်း ၈ နှစ်တာကာလအတွင်း ကာနေးဟာ တရုတ်ပြည်ကို ပထမဆုံးရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။
အဲဒီနောက် ကာနေးက တရုတ်ဝန်ကြီးချုပ် လီချန်းကို ဇန်နဝါရီ ၁၅ ရက်မှာ တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တယောက်ချင်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
တချိန်တည်းမှာ အမေရိကန်အပေါ် စီးပွားရေးအရ မှီခိုနေရတာကို လျှော့ချနိုင်ဖို့ဆိုရင် တရုတ်နဲ့ ကုန်သွယ်ရေးက မဖြစ်မနေ တိုးမြှင့်ဖို့ လိုအပ်တယ်ဆိုပြီး ကနေဒါအစိုးရအနေနဲ့ ပြောထားပါတယ်။
ကနေဒါရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ အနာဂတ် မရေမရာ ဖြစ်လာချိန်မှာ အခုလိုမျိုး တရုတ်နဲ့ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းလာခဲ့တာပါ။
ဒါကြောင့်ပဲ ကနေဒါဝန်ကြီးချုပ်ရုံးက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အပါအဝင် စိုက်ပျိုးရေးနဲ့ နိုင်ငံတကာလုံခြုံရေး ကိစ္စရပ်တွေကိုပါ ထည့်သွင်းဆွေးနွေးသွားမယ်လို့ အတည်ပြုပါတယ်။
၂၀၁၈ တုန်းကလည်း အမေရိကန် ဖမ်းဝရမ်းအရ ကနေဒါမြို့ ဗန်ကူးဗားမှာ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးရဲ့ အကြီးတန်းအမှုဆောင်အရာရှိ မန်ဝမ်ကျိုးကို ဖမ်းဆီးခဲ့ပါသေးတယ်။
တရုတ်ဘက်ကတော့ ကနေဒါနိုင်ငံသား ၂ ယောက်ကို သူလျှိုလုပ်မှု စွဲချက်တွေနဲ့ ပြန်လည်ထိန်းသိမ်းပြီး လက်တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးတဲ့ နှစ်ပိုင်းအတွင်း ကနေဒါနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုး ရှိခဲ့တယ်ဆိုပြီး တရုတ်အပေါ် စွပ်စွဲခဲ့တဲ့အလျောက် နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။
ဒါပေမဲ့လည်း ကနေဒါဟာ တရုတ်အတွက် အရေးပါတဲ့ ကုန်သွယ်ဘက်နိုင်ငံ ဖြစ်တဲ့အလျောက် ၂၀၂၄ တုန်းကဆိုရင် နှစ်ဖက် ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၁၈ ဘီလီယံအထိ ရှိခဲ့ပါတယ်။
၂၀၂၅ အရောက်မှာတော့ ကနေဒါကနေ တရုတ်ဆီကို တင်သွင်းတဲ့ ကုန်စည်ပမာဏဟာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။
ဒါဟာ ကနေဒါနိုင်ငံရဲ့ တရုတ်ထုတ် လျှပ်စစ်ကားတွေအပေါ် အခွန်စည်းကြပ်မှုနဲ့ တရုတ်နိုင်ငံရဲ့ ကနေဒါထုတ် ကနိုလာဆီ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ခဲ့တာကြောင့် ဖြစ်ပါတယ်။


