
တရုတ်နယ်စပ်ဘက်ကနေ မြန်မာပြည်တွင်းကို ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုကြောင့် လက်ရှိ ဈေးကွက်မှာ ပစ္စည်းပြတ်လာပြီး ဈေးပိုတက်လာနေကြောင်း လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
မန္တလေးက ကုန်သည်လုပ်ငန်းရှင်တယောက်က “ဈေးကွက်ထဲမှာတော့ ခု ပစ္စည်းတွေ တော်တော်ပြတ်တယ်ဗျ။ ဆေးဝါးပစ္စည်းတွေ၊ ကားပစ္စည်းလည်း တအားပြတ်နေပြီ။ တချို့က ဝယ်လို့ကို မရတော့ဘူး” လို့ ပြောပါတယ်။
မြစ်ကြီးနား အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းကကျတော့ ကံပိုင်တည်ကနေ ပစ္စည်းတွေ တောက်လျှောက်ဝင်နေလို့ အခက်အခဲမရှိပေမဲ့ မန္တလေး အပါအဝင် အောက်ပိုင်းမှာတော့ ပစ္စည်းပြတ်လာတယ်လို့ သူက ပြောပါတယ်။
အထက်ပိုင်းမှာကျတော့ တရုတ်ပစ္စည်းတွေက ကံပိုင်တည်၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် တွေဘက်က ပုံမှန်ဝင်ရောက်နေသလို ယိုးဒယားပစ္စည်းတွေကလည်း ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလား၊ ‘ဝ’ တွေဘက်ကနေ ဝင်တာတွေ ရှိတာကြောင့် ဈေးသက်သာတယ်လို့ သူက ပြောပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာတော့ တရုတ်နယ်စပ် ကျယ်ဂေါင်မြို့လို ဖြစ်နေပြီး ဘာပစ္စည်းမဆို တရုတ်နိုင်ငံသား သူဌေးတွေကပဲ ကိုယ်တိုင် တိုက်ရိုက် လာရောက် ရောင်းချနေတယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “ပစ္စည်းပြတ်လာတဲ့ သဘောဆိုတော့ ဝယ်ရတာ နည်းနည်း ကျပ်တည်းလာတာပေါ့။ လိုချင်တဲ့ပစ္စည်း နည်းနည်းခက်လာတယ်။ အရင်တုန်းကလောက်တော့ မပေါတော့တာ။ ဝင်တော့ဝင်တယ်၊ မှောင်ခိုဝင်နေကြတာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်ပဲ အသုံးများပြီး ဂျပန်ပစ္စည်းက အရင်က မြဝတီလမ်းကြောင်းနဲ့ ဝင်ရောက်တာရှိပေမဲ့ လက်ရှိ ကွန်တိန်နာနဲ့ပဲ ဝင်တော့သလို တရုတ်ပစ္စည်းက မှောင်ခိုဖြစ်သွားတာလို့ သူက ပြောပါတယ်။
တချို့ကုန်သည်တွေက ပစ္စည်းတွေကို ဈေးကိုင်ထားပြီး ပါးစပ်ထဲရှိတဲ့ဈေးကို တက်ရောင်းနေတာ တွေ့ရပြီး မန္တလေးမှာတော့ တရုတ်ကားပစ္စည်းလောကကို အဓိကကိုင်ထားတဲ့ တရုတ်လုပ်ငန်းရှင် ၅ ယောက်ခန့်ပဲ ရှိတယ်လို့ သူက ပြောပါတယ်။
နောင်ချိုမြို့နယ်က ကားအပိုပစ္စည်းဆိုင်နဲ့ နီးစပ်သူ ကုန်တင်ယာဉ်မောင်းတယောက်က “ပစ္စည်း တအားယူရခက်တယ်။ ရှိထားတဲ့ပစ္စည်းကိုပဲ ရောင်းနေတယ်။ မှာလို့ရနိုင်တဲ့ဟာပဲ မှာတယ်။ စုံတာတော့ မစုံနိုင်တော့ဘူးပေါ့။ ဟိုဘက်က ကားပစ္စည်း ပို့နိုင်တာက ဒါပဲရှိတယ်ဟေ့ ဆိုလည်း ရောင်းရရ၊ မရရ ဒါလေးပဲ ကောက်တင်ထားတာ” လို့ ပြောပါတယ်။
တန်ဆာခထက် သယ်ယူပို့ဆောင်ရေးမှာ လမ်းကြေးပိုကုန်ကျရပြီး တွဲကား ဂျွိုင်းဘောလောက် ကြွေတာတောင် ပစ္စည်းရှာတာ ၃ ရက်ထိ ဝယ်မရဘဲ ခက်နေပြီး အရင်တုန်းက ဂျူတီနဲ့လာတဲ့ ကုန်တွေက အခုနောက်ပိုင်း မှောင်ခို ကယ်ရီပုံစံ ဖြစ်သွားကာ ကယ်ရီပစ္စည်းတွေ ဖမ်းနေတာကြောင့် ဖြစ်တယ်လို့ ကုန်တင်ယာဉ်မောင်းက ပြောပါတယ်။
လမ်းခရီး အကျပ်အတည်းကြောင့် သယ်မရလို့ အောက်ပိုင်းမှာ ပစ္စည်းရှားလာပြီး ဈေးတွေလည်း အတော်ကွာတယ်လို့ နောက်ထပ် ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေက တရုတ်နယ်စပ်အားလုံး ထိန်းချုပ်လိုက်တာကြောင့် စစ်ကောင်စီက တရုတ်နယ်စပ်ဘက်က ဝင်ရောက်လာတဲ့ ကုန်စည်အားလုံးကို တရားမဝင် ကုန်စည်တိုက်ဖျက်ရေး အကြောင်းပြကာ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။


