
သွင်းကုန်လုပ်ငန်းတွေအတွက် လိုင်စင်ခွင့်ပြုပေးရမှာ နီးစပ်သူတွေကိုပဲ လက်သင့်ရာ လိုင်စင်ချပေးနေတာနဲ့ ကန့်သတ်မှုတွေကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေ အခက်ကြုံနေကြတဲ့အပြင် ပြည်တွင်းမှာ ကုန်ပစ္စည်း ပြတ်လပ်ပြီး ဝယ်ယူစားသုံးသူတွေက ဈေးကြီးပေး ဝယ်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် သွင်းကုန်လိုင်စင်ချပေးတဲ့အခါ စစ်ကောင်စီနဲ့ နီးစပ်တဲ့ လုပ်ငန်းကြီးတွေပဲ လက်သင့်ရာပေးနေတာကြောင့် သွင်းကုန်လုပ်ငန်းငယ်လေးတွေ အခက်အခဲကြုံနေရတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
သွင်းကုန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ခွင့်ပြုချက် လျှောက်ထားဖို့ လိုအပ်ပြီး ခွင့်ပြုချက်ရမှာသာ တင်သွင်းခွင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
သွင်းကုန်ပို့ကုန်နဲ့ဆိုင်တဲ့ ထုတ်ပြန်ကြေညာချက်တွေက မရေတွက်နိုင်အောင်ရှိနေပြီး လုပ်ငန်းရှင်တွေဘက်က ဥပဒေနဲ့အညီ သတ်မှတ်ထားချက်အတိုင်း တိတိကျကျ လုပ်ဆောင်ပေးဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။
သွင်းကုန်လုပ်ငန်းရှင်တယောက်က “ဥပဒေက သူတို့ သတ်မှတ်ထားတယ်။ ပို့ကုန်ပို့မှ သွင်းကုန် ချပေးမယ်ဆိုရင်လည်း လုပ်လေ။ ဒါမျိုးလည်းမလုပ်ဘဲ လူရွေးပြီး လိုက်ချပေးနေသလို ဖြစ်နေတာ။ ပို့ကုန်မရှိလို့ ပို့ကုန်ဝယ်လို့ရတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းလုပ်လေ။ အခုဟာ ဘယ်ဟာက အတည်မှန်းကို မသိဘူးဖြစ်နေတာ။ အခုစာရွက်ထဲမှာကျ ဥပဒေက ချပေးတယ် ပြောတာ၊ လက်တွေ့သွားရင် ဒီတိုင်းမဟုတ်တာ အများကြီး။ မနေ့တနေ့ မှပေါ်လာပြီး ကိုယ်နဲ့ လက်သင့်တာကိုပဲ လိုင်စင်တွေ တအားချပေးပြီးတော့ သက်တမ်းရင့်တဲ့ ကုမ္ပဏီတွေ တကယ် လိုအပ်တာကျ မချပေးဘဲ နေတာပေါ့။ နောက်တခု ဆိုးတာက ဘာလဲဆိုတော့ ကုမ္ပဏီတွေ လိုသလောက်ကိုလည်း မချပေးဘူး။ ပိုက်ဆံရှိတိုင်းလည်း သွင်းလို့မရဘူးဆိုတာ ကုန်ပစ္စည်းပြတ်လပ်စေတဲ့ အကြောင်းအရာတခုပေါ့။ နောက်ဆုံး ခံရတဲ့သူတွေကတော့ စားသုံးသူတွေပဲပေါ့” လို့ ပြောပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်က ကုန်သွယ်ရေးဦးစီးဌာနရဲ့ တင်သွင်းခွင့် လိုင်စင်တစုံကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားပြီး သွင်းကုန်တခါ တင်သွင်းတိုင်း လိုင်စင်တခါလျှောက်ကာ ဝယ်ယူပေးဆောင်နေရတဲ့အတွက် စီးပွားရေးလုပ်ငန်း သေးလေးတွေ တွက်ချေမကိုက်ကြဘဲ လုပ်ငန်းကြီးတွေဆီက တဆင့်ပြန်လည်ဝယ်ရနေရပြီး ဈေးကြီးမြင့်မှုတွေ ကြုံနေကြရပါတယ်။
လက်ရှိမှာ ပြည်ပကုန်သွယ်ရေးကို ရန်ကုန်-ကော့သောင်း-ရနောင်း ဘက်ကနေသာ လိုင်စင်လျှောက်ထားခွင့်ပြုထားပြီး မြဝတီနယ်စပ်ဘက်ကို လိုင်စင်လုံးဝမချပေးဘူးလို့ မြဝတီနယ်စပ်က သွင်းကုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“တချို့လမ်းကြောင်းတွေဆိုရင် လုံးဝကို မချပေးတာပေါ့။ အထူးသဖြင့် မြဝတီ၊ မြဝတီဆို လုံးဝပိတ်ထားတာ၊ သွင်းကုန်လိုင်စင် လုံးဝမကျတာကြာပြီ။ ကော့သောင်း ရနောင်းဘက်ရယ်၊ တာချီလိတ် နယ်စပ်ဘက်တော့ ချပေးတယ်၊ ချပေးတယ်ဆိုတာကလည်း တော်တော်လေးကို ကန့်သတ်ထားတာပေါ့နော်၊ သွင်းကုန်လိုင်စင် ရှားပါးတာက တကယ်ဖြစ်နေတယ်။ အဲဒီအတွက် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုမှ ကုန်စည်စီးဆင်းလို့မရ ဖြစ်နေတယ်။ ရပ်မနေတာဘဲ ရှိတယ်၊ တချို့သော Importer တွေပဲ ရနေတာ။ အဲဒီရနေတဲ့သူတချို့ကလွဲရင် အများစုက ရပ်နေတယ်ဆိုတဲ့ အနေအထားမှာပဲရှိတယ်။ အဲဒီအတွက် နောက်ဆက်တွဲကတော့ စားသုံးသူတွေဆီ ပစ္စည်းမရောက်တာရယ်၊ ရောက်တဲ့ပစ္စည်းတချို့က အဆမတန်ဈေးကြီးတာရယ် အဲဒီလိုတွေ ဖြစ်နေတာကြောင့် ဈေးကွက်ထဲက ပစ္စည်းအမျိုးအစားတိုင်းမှာကို ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်နေတယ်၊ ရှိတဲ့ပစ္စည်းတွေကျတော့လည်း အဆမတန်ဈေးမြင့်နေတယ်။”
စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်ထိန်းချုပ်မူဝါဒအနေနဲ့ သွင်းကုန်တွေကို လိုအပ်ကုန်နဲ့ မလိုအပ်ကုန်အဖြစ် ခွဲခြားထိန်းချုပ်ထားတာ၊ ဗဟိုဘဏ်က ပြည်တွင်း သတ်မှတ်ငွေလဲလှယ်နှုန်းနဲ့သာ Forex အသုံးပြုခိုင်းတာတွေကြောင့် နိုင်ငံခြားငွေထွက်နှုန်းကို ထိန်းချုပ်နိုင်ပေမဲ့ ပြည်တွင်းလုပ်ငန်းတွေမှာ ကုန်ကြမ်းရှားပါးတာ၊ ကုန်ဈေးနှုန်းမြင့်တက်တာနဲ့ စက်ရုံအချို့ လည်ပတ်ချိန်လျော့တာ၊ အလုပ်သမား လျှော့ချတာတွေ ဖြစ်ပေါ်နေပါတယ်။
ဝေဝေ


