Home
မြန်မာသတင်း
ကုန်ပစ္စည်းတင်သွင်းခွင့် ပိုမိုတင်းကျပ် ပိတ်ထားသဖြင့် ပစ္စည်းများပြတ်ပြီး ဈေးနှုန်းမြင့်တက်
DVB
·
August 26, 2025

မြန်မာပြည်တွင်းမှာ ပြည်ပကတင်သွင်းတဲ့ ပစ္စည်းတွေကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်လို့ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေက ဈေးတက်သွားခဲ့ပြီး အခုချိန်ထိ ဈေးပြန်မကျဘဲ ဈေးကြီးပေးဝယ်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးတွေလည်း ပိတ်ပင်ထားဆဲဖြစ်သလို ပြည်ပကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကိုပါ ကန့်သတ်ထားတာဖြစ်လို့ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေက ဈေးတက်ပြီး ဈေးပြန်မကျဘဲ ရှိနေတဲ့အတွက် ဈေးကြီးပေးဝယ်နေရတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။

ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ကြိုတင်အကြောင်းကြားတာမရှိဘဲ ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ပိတ်ခဲ့တာလည်း တပတ်ကျော်ကြာတဲ့အထိ ပြန်လည်မဖွင့်ပေးသေးတဲ့အတွက် တချို့ဆိုင်တွေမှာ ဆေးဝါးအပါအဝင် လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်တာနဲ့ ဈေးတက်တာတွေကို ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။

ရန်ကုန်မြို့က အိမ်ထောင်ရှင်မတယောက်က “တပတ် ဆယ်ရက်လောက်ရှိပြီ၊ ဝယ်ထားတဲ့ ကြာပန်းဆပ်ပြာမှုန့်က ကျပ် ၄,၅၀၀ က အခု ၆,၅၀၀ ပေးရတယ်။ သူ့ထက် နည်းနည်းကြီးတဲ့ဟာကျ အရင်က ကျပ် ၆,၅၀၀ ကနေ အခု ၉,၀၀၀။ အခုလည်း ပစ္စည်းတွေက တက်နေတဲ့အတိုင်း ဒီတိုင်းပဲ ပြန်မကျဘူး။ မကျတဲ့အပြင် ဆိုင်ကပြောတာ ယိုးဒယားပစ္စည်းတွေ ၁၃ မျိုးလောက် ပိတ်ထားတာတဲ့၊ ခေါက်ဆွဲခြောက်တို့ ပဲနို့တို့ပေါ့။ နောက် ပုစွန်နှစ်ကောင်ဆီဆိုလည်း မဝင်တော့လို့ တခြားဆီတွေ ဆိုင်မှာ တင်နေရတယ်တဲ့။ ပစ္စည်းတွေက ဈေးကျဖို့နေနေသာသာ ဝင်တောင် မဝင်တော့ဘူး။ အင်္ဂလိပ်ဆေးတွေလည်း ဈေးတက်နေတာ တအားပဲ။ သည်းခြေအတွက် သောက်နေတဲ့ Udihep ဆို တကတ်ကို ကျပ် ၃၀,၀၀၀ ကျော်ကနေ အခုဆို ၄၀,၀၀၀ ကျော်ပဲ။ အဲဒါနဲ့ ဝယ်မသောက်ဖြစ်တော့ပါဘူး။ သူနဲ့ အလားတူဟာ သောက်နေတာ အဲဒါကျပ် ၁၀,၀၀၀ ကျော်က အခုတော့ ၂၀,၀၀၀ ကျော် ဖြစ်သွားပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်ပစ္စည်းတင်သွင်းခွင့်တွေ ကန့်သတ်ထားသလို လေကြောင်းကနေ သယ်ပို့တဲ့ ကာဂိုလုပ်ငန်းတွေကိုပါ အခွန်တိုးတောင်းတာ၊ ပစ္စည်းတွေ ကန့်သတ်တာတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိ လေဆိပ်မှာ တကိုယ်ရေသုံးပစ္စည်းတွေကို လိုအပ်တာထက် ပိုမိုစိစစ်တာတွေ လုပ်ဆောင်နေပြီး ပြည်သူတွေကို ပိုကျပ်တည်းလာအောင် ပြုလုပ်နေတာဖြစ်ကြောင်း မန္တလေးမြို့က တော်လှန်ပြည်သူတယောက်က ပြောပါတယ်။

“သူတို့ကတော့ ပြည်သူတွေကို ပိုပြီးတော့ ဒုက္ခရောက်အောင်၊ ပိုပြီးတော့ ကျပ်တည်းလာအောင် ကုန်ဈေးနှုန်းတွေ တက်ရင် ပိုဆိုးလာမယ်၊ ပြည်သူတွေ ပိုဒုက္ခရောက်မယ်၊ တော်လှန်ရေးဘက်ကို ကူညီတာတွေ နည်းမယ်၊ ခိုးဆိုးလုနှိုက်တွေ ပိုများလာမယ်၊ အဲဒီလိုရည်ရွယ်တယ်လို့ပဲ ကျနော်ကတော့ မြင်ပါတယ်။ အာဏာစသိမ်းကတည်းက ပြည်သူတွေရဲ့ လွတ်လပ်ခွင့်က တစထက်တစ ပိုကျပ်လာတာပဲကိုး။ ဖြေလျော့သွားတယ် ချောင်လည်လာတယ်လို့ မရှိဘူး။ သူတို့ပြောပြောနေတဲ့ ဒီမိုကရေစီနဲ့အညီ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စံနှုန်းတွေနဲ့ လားလားမှ မဆိုင်တဲ့ လမ်းကြောင်းတွေပေါ့။”

စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးတွေ တားမြစ်ကန့်သတ်တာ၊ ပြည်ပက ကုန်ပစ္စည်း အဓိက ထိုင်းနိုင်ငံက တင်သွင်းမှုတွေကို တင်းကျပ်တာတွေ ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်လို့ တရုတ်နဲ့ ကုန်သွယ်ဆက်ဆံရေးကို ပိုမိုအလေးထားလိုကြောင်း ပြသနေတာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ ကုန်သွယ်ရေးအခက်အခဲတွေကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွေ မရှိတဲ့အတွက် ရန်ကုန်၊ မန္တလေးလို မြို့ပြကြီးတွေအပြင် ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာလည်း ကုန်ပစ္စည်းတွေ ရှားပါးတာ၊ ဈေးတက်တာတွေ ဖြစ်နေကြောင်း သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013