
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်မြို့ရှိ တရုတ်ပိုင် စားသောက်ဆိုင်တဆိုင်မှာ ဇန်နဝါရီ ၁၉ ရက်က ပေါက်ကွဲမှုကြောင့် လူ ၇ ယောက် သေဆုံးသွားပါတယ်။
မြို့တော်ရဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ အစိတ်အပိုင်းက ဟိုတယ်တလုံးထဲမှာ ရှိတဲ့ တရုတ်ပိုင် စားသောက်ဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားတယောက်နဲ့ အာဖဂန်လူမျိုး ၆ ယောက် သေဆုံးပြီး ကလေးတယောက် အပါအဝင် တခြားသူ အမြောက်အမြား ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
စားသောက်ဆိုင်ဟာ ကဘူးလ်မြို့က စီးပွားရေးလုပ်ငန်းတွေရှိဟာ ရှားအီနောရပ်ကွက်မှာ ရှိပြီး ရုံးအဆောက်အအုံတွေ၊ ဈေးဝယ်စင်တာတွေနဲ့ သံရုံးတွေရှိတဲ့နေရာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ် ဇာဒရန်က ပြောပါတယ်။
ဒီခရိုင်ဟာ မြို့တွင်း အလုံခြုံဆုံး ခရိုင်တွေထဲက တခုအဖြစ် သတ်မှတ်ခံထားရတဲ့ ခရိုင်ပါ။ တရုတ် ခေါက်ဆွဲဆိုင်ကို တရုတ်မွတ်စလင် အဗ်ဒူ မာဂျစ်၊ သူ့ဇနီးနဲ့ အာဖဂန်လုပ်ဖော်ကိုင်ဖက် အဗ်ဒူ ဂျက်ဘာ မာမွတ်တို့ ပူးတွဲဖွင့်လှစ်ပြီး တရုတ် မွတ်စလင်အသိုက်အဝန်းကို ဝန်ဆောင်မှုပေးတဲ့ဆိုင် ဖြစ်တယ်လို့ ဇာဒရန်က ပြောပါတယ်။
မီးဖိုချောင်နားမှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် အပြင်ဘက် လမ်းမပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲနေပြီး စားသောက်ဆိုင် အဆောက်အအုံရှေ့က အပေါက်ကြီးတခုကနေ မီးခိုးတွေ ထွက်လာတာကို ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးဘဲ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောထားပါတယ်။
Source: Reuters


