အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးအုပ်ချုပ်တဲ့ နယ်မြေအတွင်း ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တွေကနေ ဖမ်းဆီးရမိတဲ့ ကျပ်သိန်းပေါင်း ၁ သိန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
NUG အုပ်ချုပ်ရေးနယ်မြေ တနေရာမှာ ဇန်နဝါရီ ၂၅ ရက်က ဘိန်းဖြူ ၆၅၄၅ ခွက်နဲ့ WY စိတ်ကြွဆေးပြားပေါင်း ၄,၆၇၂,၀၀၀ ပြားကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အဆိုပါ ဘိန်းဖြူတွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးပြီး NUG အစိုးရထံ အပ်နှံခဲ့တာဖြစ်ပြီး ကျန် WYစိတ်ကြွဆေးပြားတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
အဆိုပါ မူယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နဲ့ အတူ ဒေသခံပြည်သူတွေနဲ့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေတက်ရောက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။







