Home
မြန်မာသတင်း
အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာတော်လှန်ရေးအင်အားစုများကို ခေါ်ယူတွေ့ဆုံဆွေးနွေး
DVB
·
January 23, 2026
Photo: Ma. Theresa P. Lazaro

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် မြန်မာတော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ အာဆီယံရဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့ ရည်ရွယ် ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ အဓိကအားဖြင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရိုဟာက အစည်းအဝေးမှာ တက်ရောက်လာသူတွေကို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ် တိုက်တွန်းခဲ့တယ်လို့ သူ့ရဲ့  X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တယောက်အနေနဲ့၊ ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူတဲ့ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးအကြိမ် ‘မြန်မာ့အရေး သက်ဆိုင်သူများ အစည်းအဝေး’ ကို တက်ရောက်လာကြတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို တာဂေတေးမြို့မှာ ဝမ်းပန်းတသာ ကြိုဆိုခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အကောင်အထည်ဖော်ဖို့အတွက် သူတို့ရဲ့အမြင်တွေကို တက်တက်ကြွကြွနဲ့ အကျိုးရှိရှိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ကျမ တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေ လျှော့ချဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့နဲ့ သက်ဆိုင်သူတွေကြား နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဖြစ်လာစေဖို့ စတဲ့အချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။”

ဒီနိုင်ငံရေးဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ စီဘူကျွန်းမှာ ကျင်းပမဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ တပတ်အလိုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အစည်းအဝေးကို ဘယ်အချိန်မှာ ကျင်းပခဲ့တယ်၊ ဘယ်အဖွဲ့တွေ တက်ရောက်ခဲ့တယ် ဆိုတာကိုတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ကြိုးစားရာမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းခေါ်ဆိုလို့ မရခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရိုဟာ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ကို သွားရောက်ကာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အခုလို မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

နေပြည်တော်ခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်း ၉၉ ဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင်အစိုးရရဲ့ လုပ်ရပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချိုးဖောက်နေကာ တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်ရာ ရောက်နေတယ်ဆိုပြီး ထောက်ပြထားပါတယ်။

အထူးသဖြင့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်ကို ဆွေးနွေးခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာရောက်တယ်ဆိုပြီး အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ညွှန်းဆိုထားပါတယ်။

“စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ဆက်ဆံခြင်းဟာ ရာဇဝတ်ကောင်တွေကို ဆုချသလို ဖြစ်နေရုံတင်မကဘဲ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ အန္တရာယ်ဖြစ်စေပါတယ်” လို့ အဖွဲ့အစည်း ၉၉ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖိလစ်ပိုင်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို တရားဝင်မှုပေးနေတဲ့ အဆင့်မြင့်ထိတွေ့မှုတွေကို ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ငြင်းပယ်ဖို့နဲ့ NUG နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့သာ တရားဝင် ထိတွေ့ဆက်ဆံဖို့လို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013