Home
မြန်မာသတင်း
ဝမ်းတွင်းမြို့အနီး ငလျင်လှုပ်
DVB
·
January 16, 2026
Photo: NUG

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့အနီး ပြင်းအား ရစ်ချ်တာစကေး ၅ ရှိတဲ့ အင်အား အတော်အသင့်ရှိ မြေငလျင်တခု ဇန်နဝါရီ ၁၅ ရက် ညနေက လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် မနေ့ ညနေ ၆ နာရီ ၄၂ မိနစ်မှာ မန္တလေးမြို့တောင်ဘက် ၉၈ ကီလိုမီတာအကွာ၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၃၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မြေငလျင်တိုင်းတာစက်က အသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့နည်းလမ်းတို့အပေါ် မူတည်ပြီး  ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှု ရှိနိုင်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန် အချက်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကတော့ အဆိုပါငလျင်ဟာ ဝမ်းတွင်းမြို့ အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာ အနက် ၃၄ ကီလိုမီတာကို ဗဟိုပြု လုပ်ခတ်သွားတာဖြစ်ပြီး အင်အားပမာဏ ၅ ဒသမ ၁ ရစ်ချ်တာစကေး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီငလျင်လှုပ်ခတ်မှုကို မန္တလေးတိုင်းအတွင်းက ရမည်းသင်း၊ ပျော်ဘွယ်၊ ပြင်ဦးလွင် စတဲ့မြို့တွေ၊ ရှမ်းပြည်နယ်ထဲက တောင်ကြီး၊ ပင်းတယ စတဲ့မြို့တွေနဲ့ နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်း စတဲ့ မြို့တွေကပါ သိရှိခံစားရပြီး ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။

ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ၊ ၅၆ မိနစ်ကျော်လောက်ကလည်း ‌တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၇၆ မိုင် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ ၁၈ မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်သွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013