Home
မေးမြန်းခန်း
“စစ်ရေးအရ အပြတ်အသတ် အောင်နိုင်ရေးဆိုတာ အလှမ်းဝေးသွားပါပြီ”- ရစ်ချတ်ဟိုဆေး (ICG) 
DVB
·
January 16, 2026

၂၀၂၆ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး အလားအလာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - NUG ရဲ့ PDF တွေဟာ ပုလဲမြို့နယ် ဒေသခံတွေဆီက အခွန်ကောက်ခံနေတဲ့ BNRA ရဲ့ ဂိတ်လေးခုကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် မန္တလေးတိုင်းဘက်က PDF တွေနဲ့ တခြားတော်လှန်ရေးအဖွဲ့တွေဟာ စစ်ကိုင်းတိုင်းတွင်းကို ပြန်ဆုတ်ခွာလာကြပါတယ်။ အဲဒီတော့ ၂၀၂၆ ခုနှစ်အတွင်းမှာ ကျုံ့လာတဲ့ နယ်မြေစိုးမိုးမှုနဲ့ အခွန်ကောက်ခံမှုအပေါ် တော်လှန်ရေးအဖွဲ့အသီးသီးကြားထဲ အပြိုင်အဆိုင် ဖြစ်တာတွေ ပိုပြီး အရှိန်မြင့်လာနိုင်တယ်လို့ ထင်ပါသလား။ NUG အနေနဲ့ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲခင်ဗျာ။

‌ဖြေ - “ကျနော့်အမြင်ကတော့ တော်လှန်ရေးအင်အားစုအားလုံးဟာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။  အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ရန်ပုံငွေရှာဖွေရတာက ပိုပြီးတော့ ခက်ခဲလာပါတယ်။ မြန်မာပြည်ထဲက လူတွေမှာလည်း ပိုက်ဆံ အရင်လို သိပ်မရှိကြတော့ဘူး။ ပြည်ပကနေ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ဖို့ ဆိုတာကလည်း ပိုပြီးခက်ခဲ၊ အန္တရာယ် များလာပါတယ်။ ပြည်ပရောက် မြန်မာတွေကတော့ အများကြီး ဆက်ပြီး လှူနေကြတုန်းပါပဲ။”

“ဒါပေမဲ့ ၅ နှစ်ဆိုတဲ့ ကာလတခု ရောက်လာတဲ့အခါမှာတော့ အနည်းနဲ့အများ ပင်ပန်းနွမ်းနယ်တာတွေ ရှိလာသလို ပြည်ပရောက်နေသူ အများစုအတွက်လည်း ဘဝက မလွယ်ကူလှပါဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ တနှစ်၊ နှစ်နှစ်ကထက်စာရင် အခုအချိန်မှာ လက်နက်ခဲယမ်းစျေးနှုန်းတွေက အများကြီး ပိုကြီးလာပါတယ်။ တဖက်ကလည်း တရုတ်နိုင်ငံက ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို တော်လှန်ရေးအဖွဲ့တွေထံ စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းတွေ မထောက်ပံ့ဖို့ ဖိအားပေးနေတာကြောင့်လည်း ပါပါတယ်။ ဒီတော့ ဝင်ငွေနည်းပြီး စရိတ်တွေကြီးလာတဲ့ အခြေအနေမှာ သယံဇာတ တူးဖော်တာတွေ၊ ဂိတ်တွေကနေ ပိုက်ဆံကောက်တာတွေက တော်လှန်ရေးအဖွဲ့တွေအတွက် ပိုပြီးတော့ အရေးပါလာပါတယ်။”

“ခင်ဗျားပြောသလိုပါပဲ၊ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကလည်း ကျုံ့လာနေတယ်။ စစ်ကိုင်းနဲ့ မကွေးက သာမန်ပြည်သူတွေ ဒါမှမဟုတ် ကုန်သည်တွေနဲ့ စကားပြောကြည့်ရင် ဂိတ်တွေ အခွန်ကောက်တာ ပိုများလာတယ်လို့ ပြောကြတယ်။ လမ်းတကြောင်းတည်းမှာတင် ဂိတ် ၃-၄ ခုလောက်ကို ပိုက်ဆံပေးရတာမျိုး၊ ဒါမှမဟုတ် ပြက္ခဒိန်တွေ၊ တီရှပ်တွေ ဝယ်ရတာမျိုးပေါ့။ ဒါဟာလည်း အခွန်ကောက်တဲ့ ပုံစံတမျိုးပဲ မဟုတ်လား။ အကယ်၍ အဲဒီအဖွဲ့ကို ပိုက်ဆံတိုက်ရိုက်ကောက်ခွင့် မပြုဘူးဆိုရင် သူတို့က အလှူငွေတောင်းတာမျိုး ဒါမှမဟုတ် အမှတ်တရပစ္စည်းတွေ ဝယ်ခိုင်းတာမျိုး လုပ်လာကြတယ်။ ပိုက်ဆံမရှိရင် အဲဒီဂိတ်ကို ဖြတ်လို့မရဘူးလေ။”

“ဒါကြောင့် ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတခုလို့ ကျနော်မြင်ပါတယ်။ တော်လှန်ရေးအဖွဲ့အားလုံးဟာ NUG ရဲ့ လက်အောက်မှာ မရှိနေတာကလည်း ဒီပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲစေပါတယ်။ ဘာလို့လဲဆိုတော့ ဒီဝင်ငွေတွေက သက်ဆိုင်ရာအဖွဲ့တွေအတွက် မရှိမဖြစ် အသက်သွေးကြော ဖြစ်နေလို့ပါ။ ဒါကြောင့် ဒီလို တင်းမာမှုတွေက ဆက်ရှိနေဦးမှာဖြစ်သလို ပိုပြီးတော့လည်း ကျယ်ပြန့်လာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။”

မေး - အခုဆိုရင် NUG ရဲ့ ကွပ်ကဲမှုအောက်မှာ မရှိတဲ့ တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ဟာ နွေဦးတော်လှန်ရေး မဟာမိတ် (SRA) ဆိုပြီး ဖွဲ့စည်းလိုက်ကြပါတယ်။ သူတို့ရဲ့ အစီရင်ခံစာက အင်အား သောင်းဂဏန်းရှိတယ်လို့ ဆိုပါတယ်။ ဒီ SRA အဖွဲ့ဝင်တွေထဲက အနည်းဆုံး ၁၀ ဖွဲ့ဟာ အာရက္ခတပ်တော် (AA) ဆီကနေ တနည်းနည်းနဲ့ အကူအညီတွေ ရနေတယ်လို့ သိရပါတယ်။ AA အနေနဲ့ ဒီလို မဟာမိတ်တွေကတဆင့် ရခိုင်ပြည်နယ်အပြင်ဘက်မှာပါ သူတို့ရဲ့သြဇာကို ချဲ့ထွင်လာလိမ့်မယ်လို့ ထင်ပါသလား။

ဖြေ - “ဟုတ်ပါတယ်။ AA ဟာ အခုအချိန်မှာ အပစ်အခတ်ရပ်စဲရေးအတွက် [စစ်တပ်နဲ့] မသိမသာ သွယ်ဝိုက်တဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ အခုချက်ချင်းတော့ မဖြစ်နိုင်သေးပေမဲ့ အနာဂတ်မှာ စစ်ကောင်စီနဲ့ AA ကြား ယာယီအပစ်ရပ်တာမျိုး မြင်လာရနိုင်ပါတယ်။ ဒါက တဖက်ကကြည့်ရင်လည်း အဓိပ္ပာယ်ရှိပါတယ်။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်သူတွေဟာ အကြီးအကျယ် ဖိအားပေးခံနေရတယ်။ AA အနေနဲ့ ဒီကနဦးအဆင့်ကို မြန်မြန်အဆုံးသတ်ချင်နေပြီ။ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို အမြန်ဆုံးသိမ်းပြီး နောက်တဆင့်ဖြစ်တဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့ သူတို့ လုပ်ဆောင်ချင်နေတာပါ။ အဲဒီအချိန်ကျရင်တော့ စစ်ကောင်စီနဲ့ တိုက်ပွဲခဏရပ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့က သူတို့အတွက် တကယ်ကို အရေးပါလာမှာပါ။”

“ဒါဟာ မြန်မာစစ်တပ်အတွက်လည်း တခြားရန်သူတွေကို အာရုံစိုက် တိုက်ခိုက်ဖို့ အခွင့်အရေး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ကြားမှာ ယာယီစစ်ရေး သဘောတူညီချက်မျိုး ရှိလာနိုင်တယ်။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် AA အတွက်ကတော့ သူတို့ကိုယ်စား ဖိအားပေးနိုင်မယ့် (proxy) အင်အားစုတွေ ရှိထားတာက အကျိုးအမြတ် အများကြီးရှိပါတယ်။ ဘာလို့ ဒီအင်အားစုတွေက အရေးကြီးတာလဲဆိုတော့ ပထမဆုံးအနေနဲ့ သူတို့က ရခိုင်နယ်စပ်ကို ကာကွယ်ပေးထားတယ်။ ရခိုင်ပြည်နယ်နဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေကြားမှာ ကြားခံနယ်မြေ (buffer) အဖြစ် ရှိနေပေးတာပါ။ ဒါမှ မြန်မာစစ်တပ်နဲ့ AA တို့ဟာ ထိပ်တိုက်ရင်မဆိုင်ရတော့ဘဲ အပစ်ရပ်စဲရေးကို ထိန်းသိမ်းရ လွယ်ကူမှာ ဖြစ်ပါတယ်။”

“ဒီတော့ PDF တွေကို ကြားခံထားတာက တော်တော်လေး အရေးကြီးသလို ခင်ဗျားမေးခွန်းထဲကအတိုင်း ရခိုင်ပြည်နယ်ပြင်ပကို သြဇာချဲ့ထွင်ဖို့လည်း အထောက်အကူပြုပါတယ်။ အကယ်၍ စစ်တပ်က အပစ်ရပ်စဲရေးကို ချိုးဖောက်မယ်၊ ဒါမှမဟုတ် မြောက်ဦးမြို့ကို ဗုံးကြဲမယ်ဆိုရင် AA အနေနဲ့ အဲဒီ proxy အဖွဲ့တွေကို သုံးပြီး စစ်တပ်ကို ပြန်ပြီး အကျပ်ကိုင်လို့ ရတာပေါ့။ ဒါဟာ AA အတွက်တင် မဟုတ်ပါဘူး၊ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဒီလိုပဲလုပ်နေကြတာ ကျနော်တို့ မြင်နေရပါတယ်။ ဥပမာ TNLA ဆိုရင်လည်း အပစ်ရပ်ထားပေမဲ့ မန္တလေး PDF ကို ဆက်ပြီး ထောက်ပံ့ပေးနေတာကြောင့် လိုအပ်ရင် စစ်တပ်ကို ဆက်ပြီး ဖိအားပေးနိုင်နေပါတယ်။”

“ဒါပေမဲ့ ဒီမဟာမိတ်အဖွဲ့ကြီးအပေါ်မှာတော့ သိပ်ပြီး အထင်ကြီးမနေစေချင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ပထဝီအနေအထားအရ အရမ်းပြန့်ကျဲနေလို့ပါ။ ဒါဟာ စစ်ကောင်စီကို တစုတစည်းတည်း တိုက်ခိုက်မဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြီးတခုတော့ မဟုတ်ပါဘူး။ အစိတ်စိတ်အမြွှာမြွှာ ပြန့်ကျဲနေတာပါ။ ဒါဟာ NUG အတွက်တော့ အခက်အခဲတွေ ပိုရှိလာစေပါတယ်။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့တွေက NUG နဲ့ မဟာမိတ် မဟုတ်ကြဘူးလေ။ အကယ်၍ တော်လှန်ရေးရဲ့ အရှိန်အဟုန်က NUG နဲ့ မပတ်သက်တဲ့ ဒီအဖွဲ့တွေဆီကိုပဲ ရောက်သွားမယ်ဆိုရင် NUG ဟာ ပိုပြီးတော့ ခက်ခဲတဲ့ အနေအထားကို ရောက်သွားပါလိမ့်မယ်။”

မေး - ဒါဆိုရင် NUG အနေနဲ့ ဒီတော်လှန်ရေးမှာ သူတို့ရဲ့ အခန်းကဏ္ဍက ဆက်ပြီး အရေးပါနေအောင် ဘယ်လိုလုပ်သင့်သလဲခင်ဗျာ။ NUG အနေနဲ့ မဟာမိတ်တွေကို ဘယ်လို ဆက်ထိန်းထားပြီး သူတို့ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြှင့်တင်သင့်သလဲ။

‌ဖြေ - “စိတ်မကောင်းစရာ အမှန်တရားကတော့ တရုတ်က မြန်မာစစ်တပ်ဘက်ကို ပိုပြီး သိသိသာသာ ထောက်ခံလာတာပါပဲ။ သူတို့နဲ့ရင်းနှီးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ ဖိအားပေးလာတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်နိုင်ခြေရှိခဲ့တဲ့ စစ်ရေးအရ အပြတ်အသတ် အောင်နိုင်ရေးဆိုတာ အခုအချိန်မှာ အလှမ်းဝေးသွားပါပြီ။ ဒါကြောင့် NUG ဟာ စစ်ရေးတခုတည်းကိုပဲ အာရုံစိုက်လို့ မရတော့ဘူး။ နိုင်ငံရေးမဟာဗျူဟာနဲ့ စီးပွားရေးမဟာဗျူဟာတွေ လိုအပ်လာပါပြီ။

“အာဏာသိမ်းပြီးစမှာတော့ သူတို့မှာ အာဏာဖီဆန်ရေး (CDM) လိုမျိုး နိုင်ငံရေးနည်းလမ်းတွေ၊ စစ်ကောင်စီရဲ့ တရားမဝင်မှုကို ဖော်ထုတ်တာတွေ ရှိခဲ့ပါတယ်။ အခုလည်း စစ်ရေးအပြင် တခြား ဘယ်လိုနည်းလမ်းတွေ ရှိဦးမလဲ ဆိုတာကို NUG အနေနဲ့ ပြန်ပြီး အာရုံစိုက်ဖို့ လိုပါလိမ့်မယ်။ စစ်ရေးနည်းလမ်း တခုတည်းနဲ့တော့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ မလွယ်ကူတော့ဘူးလို့ ထင်ပါတယ်။”

မေး - တရုတ်အကြောင်း ပြောရရင်တော့ တိန့်ရှီကျွင်းကိုယ်တိုင်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ မင်းအောင်လှိုင်နဲ့ ရှီကျင့်ဖျင်တို့ကြားက သဘောတူညီချက်လို့ ဝန်ခံထားပါတယ်။ တရုတ်က ဒီရွေးကောက်ပွဲကနေ ဘာကို မျှော်လင့်နေတာလဲ၊ သူတို့ မျှော်လင့်သလိုရော ဖြစ်လာပါ့မလား။

ဖြေ - “တရုတ်က ဒီရွေးကောက်ပွဲအပေါ် အရမ်းကြီးတော့ မျှော်လင့်ထားတာမျိုး မရှိပါဘူး။ သူတို့က ဒီမိုကရေစီ ဒါမှမဟုတ် လူထုရဲ့ဆန္ဒကို စိတ်ဝင်စားလို့ မဟုတ်ဘူး။ သူတို့လိုချင်တာက တဦးတယောက်တည်းက အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ အရေးပေါ်ကာလကနေ အခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ ပုံစံမျိုးဆီကို ပြန်သွားစေချင်တာပါ။ တရုတ်က နေပြည်တော်မှာ စစ်အစိုးရထက်စာရင် အရပ်သားအစိုးရလို့ အမည်ခံထားတဲ့ အဖွဲ့အစည်းနဲ့ ဆက်ဆံရတာကို ပိုနှစ်သက်ပါတယ်။ ရွေးကောက်ခံအစိုးရ (ဒါဟာ အတုအယောင်ပဲ ဖြစ်ပါစေဦးတော့) ရဲ့ လက်ထက်မှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီး စိတ်ချရတယ်လို့ သူတို့ ယုံကြည်ကြတယ်။ လူတယောက်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေတဲ့ စနစ်ထက်စာရင်ပေါ့။ ဒါကြောင့် သူတို့က ရွေးကောက်ပွဲကို လိုချင်ကြတာပါ။”

“ဒါပေမဲ့ ခန့်မှန်းလို့ရတဲ့ အုပ်ချုပ်မှုဆိုတာ အာဏာစက်ရှိတာနဲ့တော့ မတူပါဘူး။ လာမဲ့ ဧပြီလမှာ ထွက်ပေါ်လာမဲ့ အစိုးရသစ်ဟာလည်း စစ်ကောင်စီထက် ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိလာမှာ မဟုတ်ပါဘူး။ အတိုက်အခံတွေကလည်း ရုတ်တရက် လျော့သွားမှာ မဟုတ်သလို ပိုက်ဆံတွေလည်း ရုတ်တရက် အများကြီး ရှိလာမှာ မဟုတ်ပါဘူး။ အကြံသစ် ဉာဏ်သစ်တွေလည်း ရှိလာမှာ မဟုတ်ဘူး။ သူတို့က ပြီးခဲ့တဲ့ ၅ နှစ်ကအတိုင်း ဒီသံသရာထဲမှာပဲ ဆက်ပြီး လည်နေဦးမှာပါပဲ။ ဒါကြောင့် တရုတ်အနေနဲ့လည်း အများကြီးတော့ မျှော်လင့်လို့ မရပါဘူး။”

မေး - စောစောက ပြောခဲ့သလို AA လို အဖွဲ့မျိုးတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ခြေကရော ဘယ်လိုရှိမလဲ။

ဖြေ - “အစိုးရသစ်အနေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးစားလာဖို့ ရှိပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက စစ်အစိုးရလောက်တော့ သူတို့မှာ အခွင့်အရေး မရှိဘူး။ အဲဒီတုန်းက သူတို့မှာ သဘာဝဓာတ်ငွေ့ကရတဲ့ ပိုက်ဆံတွေ အများကြီး ရှိခဲ့သလို စစ်ရေးအရလည်း ပိုပြီး အာဏာစက်ရှိခဲ့တယ်။ အခုတော့ အခြေအနေက အများကြီး ကွဲပြားသွားပါပြီ။ ဒါပေမဲ့ သူတို့ကတော့ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ “သွေးခွဲအုပ်ချုပ်ရေး” ကိုပဲ ပြန်သုံးဖို့ ကြိုးစားကြမှာပါ။”

“ထူးခြားတာတခုက ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ သွေးခွဲအုပ်ချုပ်ရေးက သိပ်ပြီး အလုပ်မဖြစ်ခဲ့ဘဲ အားလုံးက စစ်တပ်ကို ပြိုင်တူ ပြန်တိုက်ခဲ့ကြတာပါပဲ။ ဒါဟာ စစ်တပ်အတွက် အဆိုးဆုံး အခြေအနေပါပဲ။ အဲဒီတော့ အစိုးရသစ်က အပစ်ရပ်ရေးကို ကမ်းလှမ်းလာတဲ့အခါ အချို့အဖွဲ့တွေက သူတို့အတွက် အကျိုးရှိမယ်ဆိုရင် လက်ခံကောင်း လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ငြိမ်းချမ်းရေး သဘောတူညီချက်လို့တော့ မမြင်စေချင်ဘူး။ ဒါဟာ ယာယီစစ်ရပ်စဲမှုသာ ဖြစ်ပါလိမ့်မယ်။ နှစ်ဖက်စလုံးက ခဏနားပြီး အင်အားပြန်ဖြည့်ဖို့၊ ဒါမှမဟုတ် AA လို အဖွဲ့မျိုးဆိုရင် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ခဏ အနားပေးဖို့အတွက် လုပ်ကြတာမျိုးပဲ ဖြစ်မှာပါ။ တရုတ်ကလည်း KIO လို အဖွဲ့မျိုးနဲ့ အပစ်ရပ်ဖို့ ဖိအားပေးတာတွေ မြင်ရနိုင်သလို တခြားအဖွဲ့တွေနဲ့လည်း စစ်တပ်က သဘောတူညီချက်ရဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲရေး ဒါမှမဟုတ် ခိုင်မာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မျိုးတော့ ဖြစ်လာဖို့ မမြင်ပါဘူး။”

မေး - သံတမန်ရေးရာဘက်မှာရော ဘယ်လိုရှိမလဲ။ နေပြည်တော်က အစိုးရသစ်ဟာ အာဆီယံနဲ့ တခြားနိုင်ငံတွေဆီကနေ အသိအမှတ်ပြုမှုတွေ ရနိုင်မလား။

ဖြေ - “တရုတ်ကတော့ ကျိန်းသေပေါက် အသိအမှတ်ပြုမှာပါ။ စစ်ကောင်စီက ဒီရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့တာအပေါ် တရုတ်က အကောင်းမြင်တဲ့ လက္ခဏာတွေ ပြနေပါပြီ။ ဒါဟာ တခြားအိမ်နီးချင်းနိုင်ငံတွေကိုလည်း စဉ်းစားစရာ ဖြစ်လာစေပါတယ်။ အထူးသဖြင့် အိန္ဒိယက တရုတ်ရဲ့ သြဇာကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နေပြည်တော်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလာနိုင်ပါတယ်။ အာဆီယံကတော့ ဒီကိစ္စမှာ သဘောထားကွဲလွဲနေတုန်းပါပဲ။ ဒါပေမဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက “စစ်ဗိုလ်ချုပ်တွေကို မကြိုက်ရင်တောင် သူတို့နဲ့ စကားပြောဖို့ လိုတယ်” လို့ စောဒကတက်လာကြတဲ့အခါ အခုလက်ရှိ ကျင့်သုံးနေတဲ့ သံတမန်ရေးအရ ဖယ်ကြဉ်ထားမှု (diplomatic quarantine) ကို ဆက်ထိန်းထားဖို့ ခက်ခဲလာပါလိမ့်မယ်။ ဧပြီလနောက်ပိုင်းမှာတော့ ပိုပြီး ခက်ခဲလာမှာပါ။”

မေး - အမေရိကန်ကျတော့ရော ဘယ်လိုရှိမလဲ။ ထရမ့်ပ် အစိုးရက ဘယ်လို တုံ့ပြန်လာနိုင်မလဲ။

ဖြေ - “အိမ်ဖြူတော်က ဘာလုပ်မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါပေမဲ့ သေချာတာတခုကတော့ ထရမ့်ပ် အစိုးရဟာ မြန်မာပြည်အရေးမှာ ဒီမိုကရေစီ ဒါမှမဟုတ် လူ့အခွင့်အရေးအတွက် သဘောတရားရေးအရ စိတ်ဝင်စားမှု မရှိပါဘူး။ သူတို့က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပြန်ပို့ဖို့၊ အခွန်အခကိစ္စတွေနဲ့ မြန်မာ့သယံဇာတတွေကိုပဲ စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်ပါတယ်။ အခုထိတော့ မြန်မာပြည်ဟာ သူတို့အတွက် ဦးစားပေး အဆင့်နိမ့်နေတုန်းပါပဲ။ ကျားဖြန့် (online scam) နဲ့ မူးယစ်ဆေးဝါးကိစ္စလောက်ပဲ နည်းနည်း အာရုံစိုက်တာပါ။ ဒါပေမဲ့ သမ္မတထရမ့်ပ်က တခုခုကို စိတ်ဝင်စားသွားပြီး သူ့စိတ်အလိုကျ ဆုံးဖြတ်ချက်တခုခု ချလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ နေပြည်တော်နဲ့ ပိုပြီး ထိတွေ့ဆက်ဆံလာတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။”

မေး - ၂၀၂၆ မြန်မာပြည်အခြေအနေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာ ရှိပါသေးသလား။

ဖြေ - “ကျနော်ကတော့ သာမန်ပြည်သူတွေရဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို အရမ်းစိုးရိမ်မိပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးတွေ အားပြိုင်နေကြတဲ့ကြားမှာ ပြည်သူတွေရဲ့ ဘဝကတော့ ဘာမှ တိုးတက်မလာဘဲ ပိုပြီးတော့တောင် ခက်ခဲနေပါတယ်။ ပြည်သူတွေမှာ ရွေးချယ်စရာ မရှိတော့ဘဲ ပြည်ပကို တရားမဝင် ထွက်ကြရတာမျိုး၊ ဒါမှမဟုတ် တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်လုပ်ရတာမျိုးတွေ ဖြစ်နေပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးစနစ်တွေ ပြိုလဲနေတာကလည်း မြန်မာပြည်အတွက် ရေရှည်မှာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာစေမှာပါ။ ဒါကြောင့် ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှု အကူအညီတွေ နည်းပါးနေတဲ့ အချိန်ဖြစ်ပေမဲ့ မြန်မာပြည်ရဲ့ အခြေအနေ ဆိုးရွားမှုကြောင့် ဒါကို ဦးစားပေးအဖြစ် ဆက်ပြီး ထားရှိသင့်တယ်လို့ ကျနော် မြင်ပါတယ်။”

( International Crisis Group မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးနဲ့  DVB English ပိုင်း ဆက်သွယ်မေးမြန်းချက် ရုပ်သံလင့်ခ်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013