Home
မြန်မာသတင်း
မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်‌ကျေးမှု ပေါင်းစပ်အမွေအနှစ်အဖြစ် NUG သတ်မှတ်
DVB
·
January 10, 2026

တရုတ်နဲ့ အာဏာသိမ်းစစ်တပ်က ရေအားလျှပ်စစ် စီမံကိန်းပြန်စဖို့ လုပ်နေတဲ့ ကချင်ပြည်နယ်၊ မြစ်ဆုံဒေသကို သဘာဝနဲ့ ယဉ်‌ကျေးမှု ပေါင်းစပ်အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (Interim Board for Heritage Administration – IBHA) က ထုတ်ပြန်လိုက်ပါတယ်။

မြစ်ဆုံဒေသဟာ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝပြီး တိုင်းရင်းသားပြည်သူတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ မြတ်နိုးချစ်ခင်မှုနဲ့ အသက်မွေးဝမ်းကျောင်းဘဝတွေနဲ့ နက်ရှိုင်းစွာ ချိတ်ဆက်နေသလို၊ ကချင်ပြည်သားတွေသာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA) အနေနဲ့ မေခမြစ်နှင့် မလိခမြစ် ဆုံရာ “မြစ်ဆုံဒေသ” ကို သဘာဝအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၁ ကနေ ၇ အရ၊ နောက်ပြီး ယဉ်ကျေးမှုအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၃ အရ ကြားကာလရဲ့ သဘာဝနဲ့ ယဉ်ကျေးမှုအမွေ ပေါင်းစပ်အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီလို သတ်မှတ်လိုက်ပြီး မေခ (အင်မိုင်ခ) နဲ့ မလိခ မြစ်ဆုံရာ အငူစွန်း ကနေ အချင်းဝက် ၂၀ ကီလိုမီတာ ပတ်လည်ဧရိယာအတွင်း အကြီးစား ရေအားလျှပ်စစ်၊ အခြေခံအဆောက်အအုံနဲ့ သယံဇာတ ထုတ်ယူရေး စီမံကိန်းတွေ မပြုလုပ်ဖို့၊ စစ်ရေးရည်ရွယ်ချက်နဲ့ နေရာချတာ၊ စခန်းတည်ဆောက်တာ၊ လက်နက်သုံး ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ မပြုလုပ်ဖို့၊ အမွေအနှစ်ဒေသရဲ့ မူလအနေအထား ပျက်စီးစေတဲ့ ပြုပြင်မွမ်းမံတာ၊ ပုံစံပြောင်းလဲတာ မပြုလုပ်ဖို့နဲ့ သဘာဝနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရင်းမြစ်တွေကို ခိုးယူ၊ ရောင်းချတာ၊ တရားမဝင် ကုန်သွယ်တာတွေ မပြုလုပ်ဖို့ စတဲ့ တားမြစ်စည်းကမ်းချက် လေးချက်ကိုပါ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်မယ်ဆိုရင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေတွေအပြင် နိုင်ငံတကာ လူသားယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ရေးဆိုင်ရာ စံနှုန်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ဒီတားမြစ်ချက်တွေဟာ ဒေသခံပြည်သူတွေရဲ့ ဥပဒေ၊ ဒေသဓလေ့ထုံးတမ်းနဲ့ ညီညွတ်တဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် သက်ရောက်ခြင်း မရှိစေရလို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ သဘာဝတရားက ကြီးမားစွာ ဖန်တီးပေးထားတဲ့အတွက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်သွားမယ်ဆိုပြီး စစ်အုပ်စု ဒုခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ပြောဆိုခဲ့တာပါ။

နောက်ပြီး စစ်အုပ်စုက ခွင့်ပြုပေးထားတဲ့ လုပ်ငန်းတွေကို အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်းအနှောင့်အယှက် ဖြစ်စေဖို့နဲ့ မတရားအကျိုးအမြတ် တစုံတရာရယူဖို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ စိစစ်ပေါ်ပေါက်ပါက ကန့်ကွက်တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်ဆိုပြီးတော့ မြန်မာ စစ်တပ်လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013