Home
မြန်မာသတင်း
ဗိုလ်နဂါးတပ်၏ ဂိတ်စခန်း ၄ ခုကို NUG ကာကွယ်ရေးအဖွဲ့များ ဖယ်ရှား
DVB
·
January 10, 2026

ပုလဲနယ်မြောက်ခြမ်းက ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အဖွဲ့ရဲ့ ဂိတ်စခန်း ၄ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၉ ရက်နေ့မှာ ဖယ်ရှားလိုက်ပါတယ်။

ပုလဲနယ်တောင်ပိုင်းကို NUG၊ PDF တွေက စိုးမိုးထားပြီး မြောက်ပိုင်းမှာတော့ ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က စိုးမိုးထားတာဖြစ်ပါတယ်။ 

လမ်းကြေးကောက်ခံတဲ့ ဂိတ်စခန်းတွေကို ဖယ်ရှားတာကြောင့် ဖက်တင်းမာမှုဖြစ်ခဲ့ပေမဲ့ ကျည်ဖောက်တာ၊ ထိခိုက်သေဆုံးတာမျိုးတော့ မရှိခဲ့ပါဘူး။ 

ဗိုလ်နဂါးနဲ့ NUG လက်အောက်ခံတပ်တွေဟာ ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ အငြင်းပွားစရာအခြေအနေတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

ပုလဲဒေသခံတယောက်က “မနေ့က အဲ့ဒီ ပုပ္ပါးရဲ့အရှေ့ဘက်မှာ ဖြစ်တာ၊ အခုသတင်းတွေထဲလို ပုံစံမျိုးတော့ မဟုတ်ဘူး၊ ကားတစီးကို ၃ သောင်းရယ် ဘာရယ်မဟုတ်ဘူးရယ်၊ ဂိတ်တဲလေးကတော့ ဖွင့်ထားတာတော့ ဟုတ်တယ်၊ ရည်ရွယ်ချက်ကတော့ အမှန်ကတော့ သစ်တွေ ဘာတွေသယ်တဲ့ဟာကို သူတို့က ဖမ်းချင်လို့ဆိုတဲ့ပုံစံမျိုးနဲ့ ဂိတ်တဲလေးလုပ်ထားတာ။ ဒီတော်လှန်ရေးက ရှေ့မရောက်တော့ဘဲနဲ့ သူတို့အချင်းချင်း ပဋိပက္ခဖြစ်နေတာနဲ့ ပြည်သူလူထုက ပိုပြီးစိတ်ဆင်းရဲတာပေါ့ဗျာ။ တို့ ပုလဲနယ်က ပထမတုန်းကတော့ တော်လှန်ရေးကို အင်တိုက်အားတိုက် တော်တော်များများ ချီးကျူးကြနေကြတာလေ၊ ပြည်သူလူထုကလည်း လုပ်တယ်ဆိုပြီးတော့။ ခုဟာကတော့ ၂ ဖွဲ့ကွဲပြီးတော့ ပဋိပက္ခတွေဖြစ်လာပြီဆိုတော့ကြ တော်လှန်ရေးကို ဘယ်လိုမှ ရှေ့တိုးလို့မရလောက်တော့ဘူးဆိုတဲ့ အနေအထားမျိုးတွေ မြင်နေကြတော့တာပေါ့၊ ကိုယ့်ပုလဲနယ်ကိုပြောတာပါ။ မနေ့ကလို ပုံစံမျိုးဆိုရင်တော့ သူတို့ ထတိုက်တော့မယ့် ပုံစံမျိုးတွေလိုတော့ မြင်လိုက်ရတယ်။ PDF တွေ တော်တော်လေးခြေရှုပ်သွားတယ်။ သူတို့နှစ်ဖက်ကတော့ ဘယ်လိုမှ ညှိလို့ရမယ့်အနေအထား မမြင်ဘူး။ စိတ်ပျက်နေကြပြီ အခုတော့” လို့ ပြောပါတယ်။

ဂိတ် ၄ ခုကို NUG ကာကွယ်ရေးအဖွဲ့တွေက ဖယ်ရှားပြီးနောက် လက်နက်တချို့ကို သိမ်းယူသွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး နှစ်ဖက်ပြောတဲ့ အရေအတွက်ဟာ မတူညီတာကြောင့် DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပုလဲနယ်ဟာ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်စပ်မှာတည်ရှိပြီး စစ်ရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် အရေးပါတဲ့ ဒေသဖြစ်ပါတယ်။ 

ဒေသတွင်းမှာ ဝင်ငွေကောင်းတဲ့ သစ်လုပ်ငန်းတွေရှိနေတာကလည်း အချင်းချင်း မညီညွတ်မှုကို ဖြစ်စေတယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။ လတ်တလော အခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူတွေက အခုလိုတုံ့ပြန်ထားပါတယ်။

ဒေသကာကွယ်ရေးတာဝန်ရှိသူတယောက်က “မြေပြင်မှာလာညှိလေ၊ လိုင်းပေါ်မှာ တောင်းနေရင်တော့ လိုင်းပေါ်ကနေပဲ ပေးလိုက်မှာပဲလေ။ သူ့ကိုလာတိုက်မှာ ဘာညာလုပ်တာလေ၊ ဘယ်သူက တိုက်မှာတုန်း၊ ဒီကတိုက်တာလား၊ ဂိတ်တွေရှင်းတာလား၊ သူပဲလိမ်တာပဲလေ” လို့ ပြောပါတယ်။

ဗိုလ်နဂါး(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်) က “ဒီဂိတ်တွေလောက်တင် ဦးတည်ထားတဲ့သဘောတော့ မဟုတ်ပါဘူး၊ လူမိသွားတဲ့အခြေအနေကြောင့် ဒီအနေအထားလောက်တင် ဖြစ်နေသေးတဲ့ အနေအထားပါ။ သတင်းရတာကိုက ကျနော်တို့ကိုတိုက်ဖို့ အမိန့်ပေးတဲ့ကိစ္စ။ အဲ့ဒီသတင်းကို ခရိုင်အဆင့်ကြမှ ကျနော်တို့ ခြေရာခံမိတယ်ပြောရမှာ။ ကျနော်တို့တော့ ထိုက်သင့်တဲ့ ပြင်ဆင်မှုတော့ လုပ်တာပေါ့နော်။ ဒါပေမဲ့ အဲ့ဒါက နောက်ရက်မှာ ချက်ချင်းကြီး ဖြစ်လာတော့ အစွန်အဖျားဂိတ်တွေမှာ အလုံးအရင်းနဲ့ ဝင်လာပြီးတော့ လက်နက်လုယက်တာတွေရှိတယ်၊ မပေးရင် ပြဿနာဖြစ်မယ့်အနေအထား။ အင်အားကလည်း အဆမတန်ကွာနေတော့ ရဲဘော်တွေက ပေးလိုက်တာရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အကြောင်းပြတာကတော့ ကျနော်တို့စာထုတ်ပြီးတော့ လူထုကို ကြိုတင်အသိပေးလိုက်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ဖြစ်တဲ့ ပုံစံမျိုး၊ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့ပုံစံမျိုးမို့လို့ ဒါကိုလုပ်တယ်ဆိုပြီးတော့ ပြန်ဖြေကြားတာရှိတယ်၊ ဒီလိုဖြေတော့ တော်တော်အံ့ဩတယ်၊ တခြားဒေသတွေကို မပြောသေးဘူး၊ ဒီယင်းမာပင်ခရိုင်ထဲမှာကို ဖြေရှင်းလို့ မကုန်နိုင်လောက်တဲ့ လူသတ်မှု၊ ဓားပြမှု၊ မုဒိန်းမှု ဒါတွေကို မျက်ကွယ်ပြုထားတဲ့အဖွဲ့အစည်းက အတိုက်အခံအဖွဲ့အစည်းအပေါ်ကြတော့ တရားဥပဒေစိုးမိုးရေး၊ လူထုကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ တော်တော်ကိုပဲ ဟာသဆန်တဲ့ ဖြေရှင်းချက်မျိုးလို့ ပြောရမှာပါ။”

ပုလဲနယ် လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်၊ သပြေကုန်း၊ အင်းကန်၊ ကျောက်ဖျာကန် ကျေးရွာတွေက ပြည်သူတွေဟာ ကျေးရွာကို စွန့်ခွာထွက်ပြေးနေရတာ အချိန် ၇ လနီးပါးကြာမြင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

လတ်တလောမှာတော့ ပုလဲနယ်ထဲက ပျူစောထီးရွာတချို့မှာ စစ်ကောင်စီက အင်အားအနည်းငယ်သာ ချထားနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်မှာ ကျဆုံးရဲဘော်တွေကို ထောက်ထားပြီး လက်နက်ကိုင်အစုအဖွဲ့တွေက ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ ဒေသတွင်းနိုင်ငံရေးသမားတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013