မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၉ ယောက် သေဆုံး၊ ၁ ယောက်ကို အရှင်ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်အမှတ် ၂ အဖြစ် ထုတ်ပြန်တာဖြစ်ပြီး မကွေးတိုင်းထဲက စစ်ကောင်စီရဲ့အခြေပြုစခန်းတွေကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ဂိတ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့က ဆိပ်ဖြူမြို့နယ်ကနေ ထွက်လာတဲ့ ကား ၄ စင်းနဲ့ အင်အား ၃၅ ယောက်ပါ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၆ ယောက်သေ၊ ၁ ယောက်ကို သုံ့ပန်းအဖြစ်ဖမ်းမိပြီး တိုက်ပွဲအတွင်း စစ်ယာဉ်တန်းက ကား ၂ စင်း ပျက်စီးသလို လက်နက် ၈ လက်နဲ့အတူ ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအဝင် စစ်တပ်ထောက်တိုင် ရုံးဌာနတွေကို မင်းဘူးခရိုင် စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ မြို့နယ်က စစ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီဇင်ဘာ ၂၃ ရက်နေ့ကစလို့ တိုက်ခိုက်နေတာဖြစ်ပြီး ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်က စစ်လက်နက်ပစ္စည်းစက်ရုံတွေဆီ သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတိုင် ၁၀၀ ကျော်ကိုလည်း မိုင်းခွဲတိုက်ခိုက်ထားပါတယ်။









